Home
မြန်မာသတင်း
စစ်မှုထမ်းသင်တန်းဆင်း ဒုတပ်စိပ်မှူး ၁ ဦးနှင့် တပ်သား ၁ ဦး အလင်းဝင်
DVB
·
April 20, 2025

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာတာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းသင်တန်းဆင်း ဒုတပ်စိပ်မှူး ၁ ယောက်နဲ့ တပ်သား ၁ ယောက်တို့ဟာ လက်နက်မပါဘဲ အလင်းဝင်ရောက်လာတယ်လို့ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) ဆီကနေ သိရပါတယ်။

လျှပ်စီးတပ်ခွဲရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကိုင်း တပ်မ ၃၃ ထဲက ဒုတပ်စိပ်မှူး ၁ ယောက်နဲ့ တပ်သား ၁ ယောက်တို့က ပြီးခဲ့တဲ့သင်္ကြန်အတက်နေ့မှာ အလင်းဝင်ဖို့ဆက်သွယ်လာတာတဲ့ ကျနော်တို့ဆီက ရဲဘော်တွေ သွားခေါ်ထုတ်ခဲ့ရတာပါဗျ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေဟာ ဒုတပ်စိပ်မှူး ဖြိုးသီဟနဲ့ တပ်သား မောင်သက် တို့ဖြစ်ကြပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လျှပ်စီးတပ်ခွဲရဲ့တပ်ခွဲမှူး ဗိုလ်မိုးကြိုး က “သူတို့ ၂ ယောက် ပေါ်တာဆွဲ အဖမ်းခံရပြီးတော့ ပဲခူးက တပ်မ ၇၇ မှာ စစ်သင်တန်းတက်ခဲ့ရတယ်။ အဲဒီက သင်တန်းဆင်းတော့ ရှေ့တန်းထွက်ဖို့လို့ စစ်ကိုင်း တပ်မ ၃၃ ကို အပို့ခံလိုက်ရတာ ဖြစ်တယ်။ အခုလို သတ္တိရှိရှိနဲ့ ကျနော်တို့ဆီ အလင်းဝင်လာတဲ့ ဖြိုးသီဟနဲ့ မောင်သက်တို့ကို သူတို့မိသားစုတွေနဲ့ ဆက်သွယ်ပေးပြီး မိသားစုတွေဆီကို ပြန်အပ်လိုက်ပါပြီ။ နေရာအတိအကျကတော့ လုံခြုံရေးအရပြောမဖြစ်လို့ပါ” လို့ DVB ကိုပြောပါတယ်။

ဧပြီ ၁၈ ရက်မှာ အလင်းဝင်ရောက်လာသူ ၂ ယောက်ကို သူတို့ရဲ့ သက်ဆိုင်ရာမိသားစုတွေဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်း မြေပြင်စစ်ရေးတွေမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ အနီးစပ်ဆုံး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024