
အီတလီနိုင်ငံတောင်ပိုင်း၊ နေးပယ်လ်စ်မြို့အနီးမှာ ဧပြီ ၁၇ ရက်က မွန်တီဖေ့တ် တောင်ထိပ်ကို စီးနင်းသွားလာတဲ့ ကေဘယ်ကားတစီး မြေကြီးပေါ် ပျက်ကျခဲ့လို့ လူ ၄ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ တောင်ကယ်ဆယ်ရေးဝန်ဆောင်မှုတွေနဲ့ မီးသတ်သမားတွေက ပြောပါတယ်။
မတော်တဆမှုဟာ နေးပယ်လ်စ်ရဲ့ အရှေ့တောင်ဘက် ၄၅ ကီလိုမီတာအကွာရှိ မွန်တီဖေ့တ်တောင်မှာ ဖြစ်ပွားခဲ့ပြီး ကားအတွင်းခန်းကို ပံ့ပိုးပေးတဲ့ ကေဘယ်ကြိုးတွေ ပြတ်ကျသွားခဲ့တာဖြစ်ကြောင်း အီတလီမီဒီယာ အများအပြားက ဖော်ပြပါတယ်။
အပေါ်ထိပ်က ကေဘယ်ကားက ပျက်ကျသွားပြီး အသေအပျောက်ရှိမှာကို စိုးရိမ်ကြောင်း ကေဘယ်လ်ကား ဝန်ဆောင်မှုကို လုပ်ဆောင်နေတဲ့ EAV အများပိုင်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဥက္ကဋ္ဌ အူမ်ဘတ်တိုး ဒယ်ဂရေ ဂေါရီယိုက ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပြီး အဲဒါကို “အဖြစ်ဆိုး” လို့လည်း ခေါ်ဆိုခဲ့ပါတယ်။
မတော်တဆမှုဖြစ်အပြီး ဓာတ်အားပြတ်တောက်သွားလို့ တောင်ခြေရင်းနားက လေထဲမှာရပ်နေတဲ့ ကေဘယ်ကားအတွင်းက ခရီးသည် ၁၆ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
သိုင်းကြိုးတွေကို အသုံးပြုကာ ခရီးသည် တယောက်ပြီးတယောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြပုံကို RAI အများသူငါ ရုပ်မြင်သံကြားနဲ့ တခြားမီဒီယာတွေမှာ ပြသခဲ့ပါတယ်။
မြူခိုးတွေနဲ့ လေပြင်းတွေ တိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ နေးပယ်လ်စ် အနီးရှိ ကမ်ပါနီယာဒေသ အကြီးအကဲ ဗင်ချန်းဇို ဒဲလုကာက RAI တီဗီကို ပြောပါတယ်။
၂၀၂၁ ခုနှစ်တုန်းကလည်း အီတလီ မြောက်ပိုင်းရှိ မာဂျော်ရီ ရေကန်ကို ဆက်သွယ်ထားတဲ့ ကေဘယ်ကားတစီး မြေပြင်ပေါ် ပြုတ်ကျခဲ့တာကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့ပါတယ်။
Source : Reuters