
မြန်မာနိုင်ငံတဝန်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်ခံရမှုတွေ အပါအဝင် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မတ် ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်းမှာ သေဆုံးသူ အမျိုးသမီး ၆၆ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၈၈ ယောက်အထိ ရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU)က ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မတ်လအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံးသူအမျိုးသမီးတွေထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အယောက် ၅၀ ၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၅ ယောက်၊ မြေမြှုပ်မိုင်းကြောင့် ၂ ယောက်၊ သတ်ဖြတ်ခံရမှုကြောင့် ၇ ယောက် ၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် တယောက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ တယောက်တို့ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂၄ ယောက်အထိ ပါဝင်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၄၉ ယောက်၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၂၃ ယောက် ၊ မြေမြှုပ်မိုင်းကြောင့် ၁၅ ယောက်နဲ့ ရိုက်နှက်ခံရတာကြောင့် တယောက်တို့ ဖြစ်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတဝန်း ပြည်သူတွေ ဘေးဒဏ်သင့်နေပေမဲ့ စစ်ကောင်စီကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ကျူးလွန်နေတာကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ နေ့စဉ်နဲ့အမျှအသက်ဆုံးရှုံးနေရတယ်လို့ BWU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကေခိုင်