
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ် အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ ဧပြီ ၁၅ ရက် ဒီနေ့ မနက် ၄ နာရီခွဲလောက်က စတင်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတချို့ ထိခိုက် သေဆုံးသွားပါတယ်။
ကော့ကရိတ်အနောက်ဘက် ၄ မိုင်ကနေ ၁၀ မိုင်လောက်အတွင်းမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ လောက်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း Y-12 တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာပေါ်ကို ဗုံးကျပြီး အရပ်သားပြည်သူ အနည်းဆုံး ၃ ယောက်လောက် သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကမ်းနီရွာ၊ ရေပူရွာနဲ့ အနီးတဝိုက်မှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ကျုံဒိုး ကမ်းနီးရွာ ဘုန်ကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အောင်ဇေယျစစ်ကြောင်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်က ဘားအံမှ ကျုံဒိုးဘက်ကို စစ်ကူ ၆ ဘီးကား ၆ စီးနဲ့ စေလွှတ်ထားရာမှာ ဒီနေ့မွန်းတည့် ၁၂ နာရီလောက်က အိန္ဒုရွာဘက်ကို ရောက်ရှိလာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
၂၀၂၄ မတ်လကုန်နဲ့ ဧပြီလဆန်းမှာ KNLA၊ PDF ပူးပေါင်းတပ်တွေက သင်္ဃန်းညီနောင်ဗျူဟာ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တို့ကို သိမ်းလိုက်ပြီးနောက် ဧပြီ ၉ ရက်မှာ စစ်ကောင်စီတပ်က နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းကို စစ်သည်အင်အား ၁၂၀၀ ကနေ ၁၅၀၀ အထိသုံးပြီး စတင်ခဲ့တာ အခုဆိုရင် ၁ နှစ်ပြည့်သွားပါပြီ။
အောင်ဇေယျစစ်ကြောင်းထိုးစစ် ၁ နှစ်ပြည့်ချိန်မှာ စစ်ကောင်စီတပ်က ဗျူဟာမှူးတယောက်၊ တပ်ရင်းမှူး ၄ ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၅၀၀ ကျော် သေဆုံးတယ်လို့ KNLA တပ်မှူး ဗိုလ်မှူး စောဒါဘောက ပြောပါတယ်။
စစ်ကောင်စီက သံချပ်ကာ ကားတွေ၊ ဒရုန်းတပ်တွေ လက်နက်ကြီးတွေနဲ့ နိုင်ငံတော်အဆင့် ၄ ရက်နဲ့အပြီး တိုက်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ အခု ၁ နှစ်ကြာတိုင် မအောင်မမြင် ဖြစ်နေတယ်လို့လည်း ဗိုလ်ဒါဘောက ပြောပါတယ်။