
အိမ်နီးချင်း ဟန်ဂေရီနိုင်ငံမှာ ကူးစက်နေတဲ့ ခွာနာလျှာနာရောဂါက ခရိုအေးရှား နွားမွေးမြူသူတွေ ရှိရာ နိုင်ငံတောင်ပိုင်းဆီ ပျံ့နှံ့လာမှာကို စိုးရိမ်နေတယ်လို့ မွေးမြူရေးသမားများအသင်း ကိုယ်စားပြု လယ်သမားတယောက်က ပြောပါတယ်။
ဟန်ဂေရီနိုင်ငံမှာ ပြီးခဲ့တဲ့လကစပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းရင်း နွား ထောင်ပေါင်းများစွာကို သုတ်သင်ခဲ့ပါတယ်။
စလိုဗက်ကီးယားတောင်ပိုင်းမှာ ရောဂါဖြစ်ပြီးတဲ့နောက် သြစတြီးယားနဲ့ ဆလိုဗက်ကီးယား နိုင်ငံတို့ကလည်း နယ်စပ်ဖြတ်ကျော်စခန်း ဒါဇင်များစွာကို ပိတ်ထားပါတယ်။
နွားမွေးသူတွေဟာ ခွာနာလျှာနာရောဂါက နိုင်ငံတောင်ဘက်ဆီ ပျံ့မှာစိုးရိမ်ပြီး ခရိုအေးရှား စိုက်ပျိုးရေးဝန်ကြီးဌာနက အရေးယူဆောင်ရွက်တာကို မြင်ချင်တယ်လို့ ခရိုအေးရှန်း ဆင်မ်မန်တယ် ကျွဲနွားမွေးမြူသူများ ဗဟိုအသင်းဥက္ကဋ္ဌ ဒါမီယာ ဟော်ဗာတစ်က ပြောပါတယ်။
ဝန်ကြီးဌာနရဲ့ တိရစ္ဆာန်ဆေးကု စစ်ဆေးရေးကဏ္ဍအကြီးအကဲ တက်ဂျနာကာရာဂျစ်က ခရိုအေးရှားနိုင်ငံဟာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်နဲ့ ဝက်အရှင်တွေအပြင် လတ်ဆတ်တဲ့ အသားနဲ့ နို့တွေကို တင်ပို့တာကို ယာယီအတိုင်းအတာအဖြစ် တားမြစ်ထားပြီးပြီလို့ ပြောပါတယ်။
ခုတော့ ခရိုအေးရှားဟာ တိရစ္ဆာန်တွေနဲ့ တိရစ္ဆာန်ကုန်ကြမ်းပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့ မော်တော်ယာဉ်တွေအတွက် ဟန်ဂေရီနိုင်ငံနဲ့ နယ်စပ်တလျှောက် ပိုးသတ်တဲ့နေရာတွေ ဖွင့်ဖို့ကြိုးပမ်းနေတယ်လို့ ကာရာဂျစ်က ပြောပါတယ်။
ဟန်ဂေရီမှာရှိတဲ့ တိရစ္ဆာန်ကျန်းမာရေးအာဏာပိုင်တွေဟာ ဧပြီ ၁၀ ရက်မှာ မွေးမြူရေးခြံပေါင်း ၁,၀၀၀ နီးပါးကို စစ်ဆေးခဲ့ပြီး ကူးစက်ရောဂါဒဏ်ခံ နိုင်ငံအနောက်မြောက်ပိုင်းဒေသမှာ ကူးစက်မှု ၄ ခုသာ တွေ့ခဲ့လို့ ရလဒ်ကောင်း ဖြစ်ခဲ့ပါတယ်။
ခွာနာလျှာနာ ရောဂါဟာ လူအတွက် အန္တရာယ်မရှိပေမဲ့ ကျွဲ၊ နွား၊ ဝက်၊ သိုးနဲ့ ဆိတ်တို့လို ခွာရှိတဲ့ တိရစ္ဆာန်တွေမှာ အဖျားတက်ပြီး ပါးစပ်မှာ အဖုအနာတွေ ဖြစ်စေပါတယ်။
ရောဂါကူးစက်မှုတွေက မကြာခဏဆိုသလို ကုန်သွယ်မှုကန့်သတ်ချက်တွေ ချမှတ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။
Source : Reuters