DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း ငလျင်ဘေး တုံ့ပြန်ရေး ဒေါ်လာ ၁ သန်း ရန်ပုံငွေ မ တည်ချထားပေးဟု NUG ပြော
DVB
·
April 13, 2025
စစ်ကိုင်း ငလျင်ဘေး တုံ့ပြန်ရေး ဒေါ်လာ ၁ သန်း ရန်ပုံငွေ မ တည်ချထားပေးဟု NUG ပြော
Donate to DVB

ငလျင်ဘေးအရေးပေါ် တုံ့ပြန်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ သန်း ရန်ပုံငွေ မ တည်ချထားပေးပြီး စစ်ကိုင်းနဲ့ မန္တလေးက ငလျင်ဒဏ်သင့်ဒေသတွေအတွက် မြန်မာကျပ်ငွေ ၆ ဒသမ ၃ သန်းကျော်ကို သက်ဆိုင်ရာဌာနတွေက ကဏ္ဍအလိုက် အသုံးပြုဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကပြောပါတယ်။

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးနဲ့ပတ်သက်ပြီး တုံ့ပြန်ရေးလုပ်ငန်းတွေအကြောင်း သတင်းစာရှင်းလင်းပွဲကို ဧပြီ ၁၂ ရက်က ပြုလုပ်ရာမှာပြောကြားလိုက်တာပါ။ 

NUG အနေနဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ Emergency Operation Coordination Committee - EOCC က အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာအစီအမံတွေ ဆောင်ရွက်ခဲ့တယ်လို့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“ကျနော်တို့က ကျနော်တို့ရဲ့ စိုးမိုးနယ်မြေရှိတယ်။ စစ်ကောင်စီ စိုးမိုးနယ်မြေရှိတယ်။ ကျနော်တို့ ဘာမှ မခွဲခြားဘဲနဲ့ နှစ်နေရာစလုံးမှာ ထောက်ပံ့မှုတွေကို ဖြစ်ဖြစ်ချင်းမှာ စတင်ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တာအတွက်ကတော့ ကျနော်တို့ နယ်မြေတွေမှာတော့ ကျနော်တို့ ထိခိုက်ဆုံးရှုံးမှုကို အရင်ဆုံး ဆန်းစစ်လိုက်တယ်။ လုပ်လိုက်ပြီးတော့ ကျနော်တို့ ရရှိတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ ကျနော်တို့ ထောက်ပံ့မှုတွေကို ဆောင်ရွက်တယ်။ ဒါပေမဲ့ စစ်ကောင်စီ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ‌တော့ ထိခိုက်ဆုံးရှုံးမှု ဆန်းစစ်တဲ့ ကိစ္စတွေကို ကျနော်တို့ရဲ့ လူသားစာနာ စေတနာ့ဝန်ထမ်းတွေက အန္တရာယ်တွေ အမျိုးမျိုးကြားကနေ လုပ်ဆောင်ရတာဖြစ်တယ်။ ကျနော်တို့ ထောက်ပံ့မှုတွေမှာလည်း ဒီလိုပဲပေါ့နော်၊ ဆောင်ရွက်ရတာ ဖြစ်တယ်။ အဲဒီ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဆောင်ရွက်ရတာဟာ အဲဒီလိုမျိုး စစ်ကောင်စီ control area တွေမှာ ဆောင်ရွက်ရတဲ့ ကိစ္စမှာ ကျနော်တို့အနေနဲ့ လုပ်ဆောင်ချက်တွေမှာ ဝေဖန်မှုတွေ ခံရတာ ရှိတယ်။ ဘယ်လိုပဲ ခံရပါစေ၊ ကျနော်တို့အနေနဲ့ တကယ်ဒုက္ခရောက်တဲ့လူတွေဆီ အထောက်အပံ့ ရရှိဖို့ မခွဲခြားဘဲနဲ့ ဆောင်ရွက်နိုင်ဖို့က အဓိက ဖြစ်တယ်ပေါ့နော်။”

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းကတော့ ငလျင်ဘေးဒဏ်သင့် ဒေသတွေက အိမ်ထောင်စုလိုက် ကူညီမှုတွေအကြောင်း ပြောပြပါတယ်။

“ငလျင်ဘေးသင့်ဒေသတွေပေါ့လေ။ အဲဒီမှာ ကျနော်တို့ ကူညီနေတာကတော့ ပဲခူးတိုင်းမှာ ၇ မြို့နယ်၊ အဲဒီမှာ လွှမ်းခြုံတဲ့ အိမ်ထောင် မိသားစုကတော့ ၈၀၀ ရှိပါတယ်။ မန္တလေးတိုင်းမှာကတော့ ၁၈ မြို့နယ်ကို ကျနော်တို့ coverage လုပ်နိုင်ပါတယ်။ အဲဒီမှာလည်း လွှမ်းခြုံတဲ့ အိမ်ထောင်မိသားစုကတော့ ၄၁၈၅ မိသားစုကို ကျနော်တို့ ကူညီနိုင်ပါတယ်။ နောက်ပြီးတော့ ၆ မြို့နယ်မှာ အိမ်ထောင်စု ၅၅၀ ကို ကျနော်တို့ ကူညီပါတယ်။ စစ်ကိုင်းတိုင်းမှာကတော့ ၈ မြို့နယ် ဖြစ်ပါတယ်။ အိမ်ထောင်စုကတော့ ၁၇၇ အိမ်ထောင်စုလိုက် ကူညီတာ။ အဲဒီမှာ တခုက စစ်ကိုင်းတိုင်းက လွှမ်းခြုံတဲ့ အိမ်ထောင်စု နည်းနေသလို ဖြစ်တာက ကျနော်တို့ ဘေးသင့်ဒေသတွေ ကျေးရွာတွေကို သိန်း ၁၀၀ စီပေါ့လေ။ ပေးထားပြီးတော့ ဒီမြေပြင်မှာ ကျနော်တို့နဲ့ တွဲပြီး လုပ်နေတဲ့ ပုဂ္ဂိုလ်တွေက အဆင်ပြေရင်ပြေသလို လိုရင်လိုအပ်သလို သူတို့ ဒီမိသားစုတွေကို ကူညီနိုင်ဖို့ ပေးထားတဲ့အတွက် စစ်ကိုင်းမှာ ၁၇၇ မိသားစုပဲ ဖြစ်သွားရခြင်း ဖြစ်ပါတယ်။ နောက်ပြီး ရှမ်းပြည်တောင်ပိုင်းမှာ ၂ မြို့နယ်ကို ကျနော်တို့ လွှမ်းခြုံပြီးတော့ မိသားစု ၅၂၄ ကို ကျနော်တို့ ကူညီနေတာ ရှိပါတယ်။ နောက်ပြီးတော့ ဆက်ပြီးတော့ ဘာလုပ်မလဲဆိုတာ relief activity တွေကိုလည်း ကျနော်တို့ ဆက်ပြီးတော့ သွားနေပါတယ်။ ထို့နည်းတူ အခုဆိုရင် ၂ ပတ်လောက် ရှိလာပြီဖြစ်တဲ့အတွက် early recovery လုပ်ငန်းတွေကိုလည်း စပြီးတော့မှ လုပ်ဆောင်နေတာ ရှိပါတယ်။”

ဒီသတင်းစာရှင်းလင်းပွဲမှာတော့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထိုးစစ်ဆင်မှု ရပ်စဲထားတာကို တပတ်တာ ထပ်မံသက်တမ်းတိုးသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013