
ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါလမ်းပေါ်မှာရှိပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေအခြေချပြုတဲ့ ကြံသာရွာစခန်းကို ဧပြီ ၁၁ ရက်မှာ အပြီးသတ်ပိုက်လိုက်ကြောင်း ကျောင်းသားတပ်မတော် (ABSDF) က ထုတ်ပြန်ပါတယ်။
ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက “အဲဒီအနီးတဝိုက်မှာ ပျူစောထီးတွေ၊ စစ်ကောင်စီတွေ ကျေးရွာတိုင်းမာ ရှိနေတယ်ပေါ့နော်။ ရွာကြီးကတော့ ၅ ရွာမှာ သူတို့အခြေတည်ကြတယ်ပေါ့။ အလှမ်းဝေးပေမဲ့ သူတို့ကာကင်းလို့ ပြောရသလို အဓိကတော့ ကလေးနဲ့ ဂန့်ဂေါလမ်းကြောင်းမှာရှိနေပြီးတော့ အဲဒီလမ်းကြောင်းကို ကျနော်တို့က အဓိက ရှင်းလင်းရေးလုပ်တာပါ” လို့ ပြောပါတယ်။
ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပဲ ကြံသာရွာအနားက ကမ္ဘာနီ၊ အောင်သာယာ (ရွာသစ်၊ ရွာဟောင်း)နဲ့ မှန်တောရွာက စစ်စခန်းတွေကို သိမ်းပိုက်ထားပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေဆီ အလှူရှင်တွေရောက်နိုင်ဖို့အတွက် သွားလာရေးအဆင်ပြေစေဖို့နဲ့ ကြံသာရွာက စစ်ကောင်စီတပ်တွေက မကြာခဏ ပစ်ခတ်နှောင့်ယှက်တာတွေကြောင့် အခုလို တိုက်ခိုက်ရတာလို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်း တခုလုံးနီးပါး စစ်ဘေးသင့်ခဲ့ရပြီး သေဆုံးနဲ့ ဒဏ်ရာရပြည်သူ ၁၀၀ နီးပါးရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။
အဲဒီအချိန်တုန်းက ဒေသခံ လူဦးရေ ၁၀,၀၀၀ ဝန်းကျင်အထိ ထွက်ပြေးခဲ့ရပေမဲ့ လက်ရှိအချိန်မှာ ကလေးတောင်းပိုင်းတနယ်လုံး ဖုန်းနဲ့ အင်တာနက်တွေ ပြတ်တောက်နေတာကြောင့် နောက်ဆက်တွဲ အခြေအနေတွေကို DVB က ဆက်လက်စုံစမ်းနေပါတယ်။
စိုးသူအောင်