
စစ်ကိုင်းမြို့ ငလျင်ဘေး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အမှတ် ၆ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံကို စစ်ကောင်စီက တာဝန်ပေးလိုက်တယ်လို့ ဌာနဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ငလျင်ဖြစ်ပြီး ၁၀ ရက်အကြာမှ စစ်ကိုင်းမြို့ ရောက်လာတဲ့ စစ်ခေါင်းဆောင်အနေနဲ့ မြေပြင်မှာ ကြာကြာမနေရဲလို့ အလှူငွေလက်ခံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဒုဗိုလ်ချုပ်ကြီးသက်ပုံကို တာဝန်ပေးလိုက်တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
"ဧပြီလ ၆ က မင်းအောင်လှိုင်လာတယ်။ မလေးရှားအဖွဲ့နဲ့တွေ့တယ်။ ကြာကြာမနေရဲဘူး။ ၈ ရက်နေ့ကျတော့ ကစထမှူးကို တာဝန်ပေးတယ်။ စစ်ဆင်ရေးကလာသူဆိုတော့ အလှူရှင်တွေရော လာလှူတဲ့သူတွေရော အရမ်းရစ်တာ။ လုပ်ရကိုင်ရတာအဆင်မပြေဘူး။ ဘယ်သူနစ်နာလဲဆိုတော့ ကိုယ့်မြို့ပဲနစ်နာတာ။”
ငလျင်ကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့တဲ့ စစ်ကိုင်းမြို့မှာ ငလျင်စဖြစ်ကတည်းက စစ်ကောင်စီက ကူညီကယ်ဆယ်ရေးမလုပ်ပေးဘဲ ပစ်ပယ်ထားပြီး အလှူရှင်တွေမလာအောင်လည်း လုပ်ထားလို့ လာလှူတဲ့သူတွေ မြို့ကို ထပ်မလာရဲဘူးလို့ မြို့ခံပရိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။
"လာလှူတဲ့သူက ထောက်ခံစာပါတာတောင် အဖော်လိုက်လာသူတွေမှာ မပါလို့ရစ်တာ။ အဲ့လိုရစ်နေတော့ လာမလှူတော့ဘူး။ စစ်ကိုင်းလည်း မန္တလေး၊ နေပြည်တော်နည်းတူ သေတာပဲ။ စစ်တပ် ကယ်ဆယ်ရေးထက် အလှူငွေရဖို့ တန်ပြန်ထိုး စစ်ဆင်ဖို့ပဲလုပ်နေတာ။”
စစ်ခေါင်းဆောင်က ရှမ်းတောင်မှာ စကထမှူး ၂ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး၊ မန္တလေးတိုင်းငလျင်မှာ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့ ပဲခူးငလျင်မှာတော့ အမှတ် ၅ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်ကို တာဝန်ပေးထားတာပါ။
စစ်ကိုင်းမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၅၆၁ ယောက်၊ ဒဏ်ရာရသူ ၉၂၀ ရှိပြီး ဘာသာရေးအဆောက်အအုံ ၃၉၄ လုံး၊ လမ်းတံတားနဲ့ ဌာနဆိုင်ရာအဆောက်အအုံ ၇၂၃ လုံးနဲ့ လူနေအိမ် ၃၈၆၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။