DVB Logo
Home
Lead Story
လူထုအားလုံး သားကောင် မဖြစ်ရေး
DVB
·
April 9, 2025
လူထုအားလုံး သားကောင် မဖြစ်ရေး
Donate to DVB

“လွတ်မြောက်မှုတိုင်းဟာ လွတ်လပ်မှုကို အာမခံနိုင်တာမျိုး မဟုတ်ဘူး”လို့ လွတ်မြောက်မှု ရောင်စုံပူဖောင်းများထဲမှာ ရေးခဲ့တာ တလ မပြည့်သေးပါဘူး။ “တော်လှန်ရေးဘက်သားတွေကတော့ ဘေးက၊ ပြင်ပက၊ ပြည်ပက ဘာပယောဂမှ ဝင်မလာနိုင်တော့မယ့်အတိုင်း ပူဖောင်းတွေထဲကနေ ကိုယ့်စိတ်ကူးထဲက ပန်းတိုင်ကိုပဲ ခေါင်းစိုက်ဦးတည်နေပြီး ကိုယ့်စိတ်တိုင်းကျ ဦးဆောင်မှုတွေ မရမချင်း ဝေဖန် လေကန် ငြင်းခုံကြအံ့ ဆိုတဲ့ သတ္တိတွေ ကောင်းနေလေရဲ့” လို့ ဆောင်းပါးကို အဆုံးသတ်ခဲ့ပါတယ်။

လားရှိုးအရေးနဲ့ ငလျင်အရေးတွေ ပေါ်လာတာလည်း အားလုံးအသိပါပဲ။ စကစတပ်တွေကို နယ်နိမိတ်တခုထဲမှာ မရှိတော့အောင် စစ်ရေး အသာစီးရထားရုံနဲ့ လွတ်လပ်မှုမပြောနဲ့ လွတ်မြောက်မှုတောင် အာမခံချက်မရှိတာကို သက်သေပြနေသလိုပါ။ ပြည်ပက တိုက်ရိုက်ဝင်ပြီး လွှမ်းမိုးမှုက ပူဖောင်းတွေကို ပေါက်ကွဲသွားအောင် တတ်နိုင်တာမျိုး ဆိုပါတော့။ အဲဒီလိုပဲ ပြည်ပက သွယ်ဝိုက် အထောက်အပံ့တွေ ဖြတ်တောက်ခံရသလို သတင်းမီဒီယာတချို့တွေ ရပ်နားထားရချိန်မှာ ဘယ်သူမှ သိပ်ကြိုမတွက်ထားခဲ့တဲ့ ငလျင်ဘေးက ဒုတ်ဒုတ်ထိ ရောက်ချလာတာပါ။ ပြည်တွင်း ပြည်ပ ပယောဂတွေက ပူဖောင်းတွေအပေါ် တော်လှန်ရေးအပေါ် သက်ရောက်လာနေတာဟာ ငြင်းမရနိုင်ပါဘူး။

ဒါပေမဲ့ လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်း တော်လှန်ရေးဘက်တော်သားတွေကြားမှာ ပြည်တွင်း ပြည်ပက ဘယ်ပယောဂကိုမှ ထည့်မတွက်ထားကြဘိသကဲ့သို့ စကစ အနေအထားနဲ့ ကိုယ့်အချင်းချင်းကြားက အကြောင်းခြင်းရာတွေကိုသာ ကိန်းသေလို သဘောထားပြီး ငြင်းခုံ ဆွေးနွေးကာ အဖြေရှာမတွေ့သလို ဖြစ်နေခဲ့ကြတာလည်း အမှန်တရားပါပဲ။ “စည်းလုံးကြပါ။ ဆုံချက်ရှိတဲ့အရွေ့ကို တစည်းတလုံးအင်အားနဲ့ တွန်းကြပါ။ တစုချင်း အိပ်မက်ထက် တစုံလုံး လွတ်လပ်မှုအတွက် အားထုတ်ကြပါ” လို့ ဘယ်လိုပဲပြောပြော အဲဒီပန်းတိုင်အတွက် ဘယ်သူ့ ဘယ်သူကမှ ခြေရောလက်ရော စမလှမ်းနိုင်ခဲ့ကြဘဲ ကွေ့ဝိုက် ဆင်ခြေတွေနဲ့ တစုချင်း ပါဝါဂိမ်းကိုသာ ဖက်တွယ်ခဲ့ကြပါတယ်။

တကယ်တော့ အာဏာရှင်လက်အောက်မှာ ရာစုနှစ်ဝက်ကျော် အသားကျလာခဲ့ရတဲ့ လူ့အဖွဲ့အစည်းထဲက လူတယောက်ချင်းစီ၊ အစုအဖွဲ့ တခုချင်းစီမှာပါ ပါဝါမွတ်သိပ်မှုတွေဟာ ဖုံးမနိုင် ဖိမရ ရှိနေတာကို ဆန်းစစ် တွေ့ရှိရမှာပါ။ တပ်ထောက်ခံသူတွေကြားမှာသာမက တော်လှန်ရေးထောက်ခံသူတွေ ကြားမှာရော ဘယ်ဘက်မှ ရဲရဲမရပ်ရဲတဲ့ ကြားနေ အမည်ခံတွေ ကြားမှာပါ ကိုယ့်တတ်ကျွမ်းမှု နယ်ပယ်အရေးကိုသာ ဖိပြောပြီး ကျန်တဖက်သားအပေါ် ထောင်လွှား အနိုင်ယူ နှိမ်ချ ပြစ်တင်ကာ ပါဝါပြတဲ့အလုပ်ကို အပြိုင်းအရိုင်း လုပ်လာကြပါတယ်။

နိုင်ငံရေးအဖြေရှာနေကြပါတယ် ဆိုတဲ့တိုင် အဖြေရှာရေး လုပ်ငန်းစဉ်ဆိုင်ရာ အငြင်းပွားမှုတွေမှာ ကိုယ့်အနာကို သပြီး ခံနေရသူမို့ဆိုတဲ့ ‘သားကောင်’ စိတ်ဓာတ်နဲ့ လက်စားမချေရရင်တောင် ကျန်သူတွေအပေါ် ပါဝါနှာတဖျားသာအောင် နှုတ်စားချေကြတာမို့ ဘုံသဘောထားစစ်စစ် ဘုံလုပ်ငန်းစဉ်ကောင်းကောင်း မထွက်လာနိုင်ကြတာဟာလည်း အထူးအဆန်း မဟုတ်ပြန်ပါဘူး။ “စစ် စစ်စစ်” ကိုတောင် မတိုက်ကြတော့တာမျိုး၊ လက်နက်ကိုင်တွေရဲ့ ဩဇာကို နိုင်ငံရေးအစုအဖွဲ့တွေက မငြင်းဆန်အပ်ကြတော့သယောင် ပါဝါထူထောင်တာမျိုးတွေကလည်း မြင်သာသထက် မြင်သာလာပါတယ်။

နိုင်ငံရေးအဖြေတိုင်းဟာ လူထုရဲ့အကျိုးစီးပွားကို အခြေမတည်ရင် စစ်မှန်တဲ့အဖြေ မဖြစ်နိုင်ပါဘူး။ ဘယ်ပြည်တွင်း ပြည်ပ ပယောဂကြောင့်မှ လူထုကို သဘာဝဘေးနဲ့ လူလုပ်ဘေးတွေရဲ့ သားကောင်တွေ ဖြစ်နေမြဲ ဖြစ်နေစေမယ့် နိုင်ငံရေးအဖြေမျိုးကို ဘယ်အစုအဖွဲ့ကမှ မတွေးမကြံမိဖို့ လိုပါတယ်။ ကိုယ် ကိုယ်စားပြုရာ အစုအဖွဲ့ရဲ့ ပါဝါဂိမ်းအဖြေကို ကောင်းချင်ဇောကြောင့် ကိုယ့်လူထုတွေ သက်တမ်းရှည်သားကောင် ဖြစ်သွားအောင် လုပ်မိတာမျိုး မဖြစ်ဖို့ လိုပါတယ်။

ငလျင်အပြီး အဆောက်အဦတွေ ပျက်စီးကြတော့ တချို့အဆောက်အဦတွေမှာ တချို့အခန်းတွေက အကောင်းအတိုင်းလို ကျန်ရစ်နိုင်ပါတယ်။ တခါတလေ ကိုယ့်ကပ်လျက်တိုက်က ခံနေလို့ မပြိုဆင်းသွားပေမဲ့ ငါ့အခန်းလေး နေလို့ဖြစ်သားပဲလို့ တွယ်ကပ်အေးချမ်းနေလို့ မရပါဘူး။ အခြေမခိုင်တော့တဲ့ အဆောက်အဦတခုလုံးကို အရင်ဖြိုချပြီး တတိုက်လုံး အသစ်ပြန်ဆောက်ပြီးကာမှ ကိုယ့်အခန်းအသစ်ပေါ်ကို ကိုယ် ပြန်တက်ကြသင့်တယ် မဟုတ်လား။ အခြေမခိုင်တော့တဲ့ အဆောက်အဦတခုလုံးကို တယောက်လက် တယောက်တွဲကာ အတူဝိုင်းဝန်း မဖြိုချဘဲ ငါတို့ အခန်းတခုချင်းစီ စိတ်တိုင်းကျ ပြုပြင်ယူပြီးကာမှ အဆောက်အဦသစ်အတွက် ဘယ်လို တွဲဆက်မယ်ဆိုတာ စဉ်းစားကြတာပေါ့လို့ တွေးလို့မှ မရဘဲလေ။ အခြေမခိုင်တော့တဲ့ အဆောက်အဦကြီးက အချိန်မရွေး ပြိုကျတဲ့အခါ အောက်ထပ်က အခန်းတွေချည်း မြေအောက်ရောက်ကာ ဆုံးရှုံးကြရတာ မဟုတ်ပါဘူး။ အပေါ်က ဒဏ်ခံရသက်သာပြီး လွတ်မြောက်နေသလို ဖြစ်နေတဲ့ အခန်းတွေအဖို့လည်း ထွက်ပေါက်မရှိ ပိတ်မိနေမှာမို့ ကိုယ့်အခန်းထဲက လူတွေရော ပိုင်ဆိုင်မှုတွေပါ ဘေးသင့်ဒဏ်ခံ သားကောင် ဖြစ်ကြရမှာပါ။

ဒီနမူနာအတိုင်း မြန်မာ့နိုင်ငံရေး အဖြေရှာရာမှာ ‘ငါ့အခန်းလေးပါဝါဂိမ်း’ ထက် ‘ငါတို့အားလုံး သားကောင် မဖြစ်ရေး အမြော်အမြင်ဗျူဟာ’ ကိုသာ ရွေးချယ်ပေးကြဖို့ပါပဲ။

မသီတာ(စမ်းချောင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013