DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်၌ စိတ်ကြွမူးယစ်ဆေးပြား ၃ သန်း ဖမ်းမိ
DVB
·
April 8, 2025
ထိုင်း-မြန်မာနယ်စပ်၌ စိတ်ကြွမူးယစ်ဆေးပြား ၃ သန်း ဖမ်းမိ
Donate to DVB

မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းမှာ တရားမဝင် မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းထိ ဖမ်းမိခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောကြောင်း Bangkok Post သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒါဟာ မြန်မာ၊ လာအိုနဲ့ ထိုင်း ၃ နိုင်ငံနယ်စပ်ဧရိယာထဲမှာ သီးခြားစီ ဖမ်းမိခဲ့တာဖြစ်ပြီး ပထမ ဖမ်းမိမှုကတော့ ချင်းရိုင်ခရိုင်၊ မယ့်ဖာလုံဒေသတွင်းမှာလို့ ဆိုပါတယ်။

မယ့်ဖာလုံ အခြေစိုက် အထူးတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အနုဝပ် ပန်ရနန်သရွမ်က မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့က မဲ့မိုကျေးရွာအနီးမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းပေးချက်ရရှိခဲ့အပြီးမှာ စစ်ဆင်ရေးကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဆိုပါ နယ်မြေအတွင်း ကင်းလှည့်ဖို့ ဖြန့်ကြက်ထားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့မနက် ၁ နာရီလောက်မှာတော့ မြန်မာဘက်ကနေ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ အမျိုးသား လေး ငါးယောက်လောက် ပါဝင်တဲ့အဖွဲ့ကို စစ်သားတွေက တွေ့ရှိခဲ့ပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း မေးမြန်းခဲ့ချိန်မှာ ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း စစ်သားတွေ ထိခိုက်မှု မရှိခဲ့သလို သံသယရှိ မှောင်ခိုသမားတွေဟာလည်း ဖမ်းဆီးမှုကို ရှောင်လွှဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို ရှာဖွေဖို့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ ၃ ခုကို တပ်ဖြန့်ချထားခဲ့ပေမဲ့ သူတို့ဟာ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဆိုပါ ဧရိယာအတွင်း ရှာဖွေမှုကနေ စိတ်ကြွဆေးပြား ၂၀၀,၀၀၀ လောက်စီ ထည့်ထားတဲ့ အိတ် ၄ လုံးကို တွေ့ရှိခဲ့ကာ အဆိုပါအိတ်တွေကို သက်သေအဖြစ် သိမ်းဆည်းပြီးတော့ မယ့်ဖာလုံ ရဲစခန်းဆီ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ တရက်တည်းမှာပဲ မနက် ၂.၄၀ နာရီလောက်မှာ တခရိုင်တည်းက မယ်ဆိုင်ဒေသတွင်း ရဲစခန်းက မသင်္ကာဖွယ် ပို့ဆောင်မှုတခုကို စစ်ဆေးတွေ့ရှိခဲ့ပြီး လိုက်လံရှာဖွေချိန်မှာ မျက်နှာဖုံးတွေနဲ့ ဦးထုပ်တွေ ဝတ်ဆင်ထားတဲ့ သံသယရှိသူတွေက ချောထုပ် ၂ ထုပ် ကို ပေးပို့ဖို့ လုပ်ဆောင်နေတာဖြစ်ကာ ပထမတခုက နခွန်ဆီကမာရတ်က ကျောင်းတ ကျောင်းဆီ လိပ်မူခဲ့ပြီး ဒုတိယတခုကတော့ ချွန်ဖွန်းဆီ လိပ်မူထားကာ အထုပ်တွေအတွင်း မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြား စုစုပေါင်း ၁၀၈,၀၀၀ ပြားကို အာဏာပိုင်တွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ ကွမ်ခနော့နဲ့ အာဆန်နိုင်း အမည်ရတဲ့ အဆိုပါ မူးယစ်ဆေးဝါး တရားခံတွေကတဆင့် နောက်ထပ် ခြေရာခံလိုက်ချိန်မှာတော့ နောက်ထပ် ပါဆယ်အထုပ် ၂ ထုပ်အတွင်းမှာ မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြား ၉၀,၀၀၀ ကို ထပ်မံတွေ့ရှိခဲ့ရတဲ့အပြင် သူတို့နဲ့ ဆက်စပ်နေတဲ့ ဝါဆင်နဲ့ နူအန်လာအမည်ရတဲ့ နောက်ထပ် ၂ ယောက်ကို မယ်ဆိုင် ဒေသတွင်းက အိမ်တလုံးထဲ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုအရ သူတို့ဟာ အဆိုပါ မူးယစ်ဆေးဝါးတွေကို ထိုင်း-မြန်မာနယ်စပ်အနီးက သယ်ဆောင်လာတာ ဖြစ်ပြီး ဒီအတွင်းမှာ မူးယစ်ဆေးဝါးတွေ သုံးစွဲခဲ့ကြတဲ့အကြောင်း ဝန်ခံထွက်ဆိုထားကြတယ်လို့ ဆိုပါတယ်။

သူတို့ကိုတော့ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှု၊ ဥပဒေအရ တားမြစ် ပစ္စည်းတွေ လက်ဝယ်ထားရှိမှုတွေနဲ့ အရေးယူသွားမှာဖြစ်ကာ နယ်စပ်တလျှောက်က ဆက်စပ်မူးယစ်ဆေးဝါး ကွန်ရက်တွေကိုပါ နှိမ်နင်းသွားမယ်လို့ ရဲတွေက ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် သီးခြားဖမ်းဆီးမှုအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာလည်း လာအိုနဲ့ ထိုင်းနယ်စပ်မှာ မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြား ၂ ဒသမ ၁ သန်းကျော်နဲ့ ခရစ္စတယ် မက်သာအဖက်တမင်း မူးယစ်ဆေးဝါး ၃၆၀ ကီလိုဂရမ်ကို ဖမ်းမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ဖမ်းဆီးမှုမှာတော့ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့က မူးယစ်ဆေးဝါးသံသယရှိသူ ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ထိုင်းအာဏာပိုင်‌တွေက မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်း ဝယ်မှုတွေ တိုက်ဖျက်ရေးအတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

ကိုးကား - Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013