DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းသည်အထိ ဖြစ်မလာနိုင်ဟု နိုင်ငံရေးပါတီများပြော
DVB
·
April 8, 2025
ငလျင်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းသည်အထိ ဖြစ်မလာနိုင်ဟု နိုင်ငံရေးပါတီများပြော
Donate to DVB

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီနှစ်အကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ထိခိုက်မှု ရှိလာနိုင်ပေမဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့အထိတော့ ဖြစ်မလာနိုင်ဘူးလို့ နိုင်ငံရေးပါတီတွေက သုံးသပ် ပြောပါတယ်။

မြေငလျင်ဘေးအလွန် အဲဒီဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အချိန်ဘယ်လောက် ကြာမြင့်နိုင်မလဲဆိုတာ အတိအကျ မပြောနိုင်တာကြောင့် မဲစာရင်းကောက်ယူမှုအပိုင်းတွေ၊ လူထုက ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှု အပိုင်းတွေနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေက အာဏာသိမ်းစစ်ကောင်စီအတွက် အဓိကစိန်ခေါ်ချက် ဖြစ်လာနိုင်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

အဲဒီ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု အချက်အလက်တွေကို DVB သတင်းဌာနက စာရင်းပြု ကောက်ယူတဲ့အခါမှာ ဧပြီ ၆ ရက် ည ၈  နာရီ အထိ  သေဆုံးသူပေါင်း  ၄,၃၁၆  ယောက်၊   ဒဏ်ရာရသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိပြီလို့  သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ သေဆုံးသူ ၃,၄၇၁ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄,၆၇၁ ယောက်နဲ့ ပျောက်ဆုံးနေသူ ၂၁၄ ယောက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ သေဆုံးသူ ၃,၅၅၀ ရှိပြီး ပျောက်ဆုံးနေသူ ၂၂၀ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီမြေငလျင်ကြောင့် ဒဏ်ရာရရှိသူ ၄,၆၈၉ ယောက်ရှိပြီး လူပေါင်း ၃ သန်းကျော်အပေါ် သက်ရောက်မှုရှိခဲ့ပြီး လူနေအိမ်နဲ့ အခြေခံအဆောက်အအုံ အပါအဝင် ဘာသာရေးကျောင်းပေါင်း ၄ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ပြီး စာသင်ကျောင်းပေါင်း ၅၅၄ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အခုငလျင်ထက် ထိခိုက်သေဆုံးမှုများခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကာလမှာလည်း စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ခဲ့တဲ့ သာဓကတွေ ရှိတာကြောင့် အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်လို့ တိုင်းလိုင်ရှမ်းနီ အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။

စစ်ကောင်စီက ဒီနှစ်အကုန် နောက်နှစ် အစပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေပြီး နိုင်သူအကုန်ယူစနစ်ရော၊ အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ် ၂ ခုစလုံးနဲ့ ကျင်းပဖို့ ရှိတယ်လို့ ပြောဆိုပေမဲ့ နိုင်ငံရေးပါတီတွေကိုတော့ တရားဝင်ထုတ်ပြောထားတာ မရှိသေးပါဘူး။

နိုင်ငံတကာကတော့ တိုင်းပြည်တည်ငြိမ်မှု မရှိချိန်မှာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲက လူထုထိခိုက်သေဆုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013