
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့ အမှတ် ၁ စစ်ဒေသ ဒရုန်းတပ်ရင်း ၆ ပုံတောင်တိုက်ဂါးဒရုန်းတပ်ဖွဲ့နဲ့ Eagle Wings ဒရုန်းတပ်ဖွဲ့တို့ ဧပြီ ၃ ရက်က ပူးပေါင်း ဖွဲ့စည်းလိုက်တယ်လို့ Eagle Wings ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
မြေပြင်စစ်ဆင်ရေးတွေမှာ စစ်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမှာဖြစ်လို့ ဒရုန်းတပ်ရင်းအဆင့် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒရုန်းလေ့ကျင့်ပျံသန်းမှုတွေနဲ့ စစ်ရေးဖော်ဆောင်မှုတွေကို ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ စုဖွဲ့လေ့ကျင့် နေတယ်လို့ ဆိုပါတယ်။
Eagle Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုဇေယျမင်းက “အညာမှာက မတူကွဲပြားမှုတွေ များပြီးတော့ အဖွဲ့တွေကလည်းများ တပ်ရင်းတွေကလည်း ဖောင်းပွတယ်။ တပ်ရင်းငယ်လေးတွေက များပြီး စုဖွဲ့မှုတွေ လိုအပ်တယ်။ စစ်ကောင်စီကို တိုက်ဖို့က အဓိက စုစည်းညီညွတ်ဖို့ လိုအပ်တယ်။ စုဖွဲ့မှုနဲ့ စစ်ကောင်စီကို ကျစ်ကျစ်လျစ်လျစ် တိုက်နိုင်အောင် တပ်ရင်းအဖြစ် စုပေါင်းလုပ်ဆောင်ခဲ့တာ” လို့ ပြောပါတယ်။
စုဖွဲ့မှုတွေပြီးဆုံးရင် စစ်ရေးဖော်ဆောင်မှုတွေ အနေနဲ့ မကြာခင်မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရချိန် အပစ်အခတ် ရပ်စဲထားတယ် ဆိုပေမဲ့ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်နဲ့ အညာဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကြိုတင်ပြင်ဆင်နေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။