DVB Logo
Home
မြန်မာသတင်း
ပါကစ္စတန်နှင့် အိန္ဒိယတို့က မြန်မာငလျင်အတွက် အကူအညီများ ထပ်မံပေးပို့
DVB
·
April 7, 2025
ပါကစ္စတန်နှင့် အိန္ဒိယတို့က မြန်မာငလျင်အတွက် အကူအညီများ ထပ်မံပေးပို့
Donate to DVB

မြန်မာ့ငလျင်ဘေးအတွက် ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေက လူသားချင်းစာနာမှု အကူအညီတွေ ထပ်မံပေးပို့ခဲ့ကြတဲ့အကြောင်း သက်ဆိုင်ရာနိုင်ငံတွေက ထုတ်ပြန်ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အလေးချိန် ၃၅ တန်ရှိ အစားအစာတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ပထမအကြိမ် ပေးပို့ခဲ့သလို ဧပြီ ၅ ရက်မှာလည်း ဒုတိယအကြိမ်အဖြစ် ထပ်မံပေးပို့ လိုက်တာပါ။

ဒုတိယအကြိမ် အကူအညီတွေထဲမှာတော့ ရွက်ဖျင်တဲနဲ့ အမိုးအကာတွေ၊ စောင်တွေ၊  ဆေးဝါးနဲ့ အသင့်စားသောက်စရာတွေစတဲ့ အကူအညီ တန်ချိန် ၇၀ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပါကစ္စတန်အစိုးရနဲ့ ပါကစ္စတန် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်တို့ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားဖို့ ကတိကဝတ်အတိုင်း ခိုင်မာစွာ ရပ်တည်နေတယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံကလည်း ဧပြီ ၆ ရက် မနေ့က မြန်မာ့ငလျင်ဘေးအတွက် C-17 လေတပ် ‌လေယာဉ်နဲ့  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ၃၁ တန် ထပ်မံပေးပို့လိုက်ပြီး အဲဒီထဲမှာတော့ အိန္ဒိယစစ်တပ်က ဖွင့်လှစ်ထားတဲ့ မြေပြင်ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအစာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဆေးရုံမှာတော့ လူနာ ၈၀၀ ကျော် တက်ရောက်ကုသနေပြီးတော့ ဒါဟာ အိန္ဒိယ အစိုးရရဲ့ Operation Brahma အစီအစဉ်အောက်မှာ ဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း အိန္ဒိယက အစားအစာ တန်ချိန် ၄၄၂ တန်ကို မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့သလို ဒါဟာ ခုရက်ပိုင်းမှာတင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံခဲ့ပြီး နောက်တရက်အကြာမှာပဲ ပေးပို့ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာ စကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် ဧပြီ ၇ ရက် နေ့လယ် ၁ နာရီအထိ  သေဆုံးသူ စုစုပေါင်း  ၄,၃၂၅ ယောက်နဲ့ ဒဏ်ရာရသူ ၆,၅၈၈ ယောက် ရှိနေပြီး ဒီအရေအတွက်ဟာ DVB က လက်လှမ်းမီသလောက်ရရှိထားတဲ့ ကိန်းဂဏန်းတွေသာ ဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။

ငလျင်ဟာ မြန်မာနိုင်ငံမှာ ရာစုနှစ် တခုအတွင်း အပြင်းထန်ဆုံး ငလျင်တခုဖြစ်ပြီး လူ ၂၈ သန်းနေထိုင်ရာ ဒေသကို လှုပ်ခတ်ခဲ့တာကြောင့် ဆေးရုံတွေ၊ လူနေရပ်ကွက်တွေ ပြိုလဲကာ အများအပြားမှာ စားနပ်ရိက္ခာ၊ ရေနဲ့ အမိုးအကာတွေ ပြတ်တောက်ခဲ့ပါတယ်။

Source: Nation/ Bernama/ANI 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013