DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်နှင့် တဖက်သတ်ဆက်ဆံရေး အာဆီယံကို သတိပေး၊ အကူအညီများ စစ်အုပ်စုမှ တဆင့်ပေးအပ်ခြင်းကို ကန့်ကွက်
DVB
·
April 16, 2025
စစ်ခေါင်းဆောင်နှင့် တဖက်သတ်ဆက်ဆံရေး အာဆီယံကို သတိပေး၊ အကူအညီများ စစ်အုပ်စုမှ တဆင့်ပေးအပ်ခြင်းကို ကန့်ကွက်
Donate to DVB

အာဆီယံခေါင်းဆောင်တွေအနေနဲ့ စစ်ခေါင်းဆောင်နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုတွေကို အထူးသတိပြုဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ စစ်အုပ်စုဆီမှတဆင့် ပေးအပ်ပါက  နိုင်ငံရေးအရ အလွဲအသုံးချမယ့်အန္တရာယ် မလွဲမသွေ တွေ့ကြုံရမှာဖြစ်လို့ အပြင်းအထန် ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက သဘောထားထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံဖို့ရှိတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည် အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)နဲ့ အမည်မဖော်လိုတဲ့ အင်အားစုတွေက ဧပြီ ၁၆ ရက် ဒီနေ့မှာ ထုတ်ပြန်တာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အပါအဝင် အာဆီယံခေါင်းဆောင်အချို့ ဧပြီ ၁၇ ရက်နေ့  ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံကြပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိနေတာဖြစ်ပါတယ်။

အပြစ်မဲ့ပြည်သူတွေကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် တိုင်းပြည်ရဲ့ ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ကြီးငယ်၊ တိုက်လေယာဉ်တွေ၊ ဗုံးတွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို မြေငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဆီယံခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေးမယ့်အပေါ် အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဖော်ပြထားပါတယ်။

ခွဲခြားဆက်ဆံမှုနဲ့ ဘက်လိုက်မှုကင်းတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို တိုင်းပြည် နယ်နိမိတ်စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်းကိုပဲ စိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်တဲ့ စစ်အုပ်စုဆီ တိုက်ရိုက် ဆက်ဆံပေးအပ်တာ မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စီမံအုပ်ချုပ်ထားတဲ့ နယ်မြေတွေက ပါဝင်ပတ်သက်သူ အစုအဖွဲ့အားလုံးနဲ့ ချိတ်ဆက်ပေးအပ်ထောက်ပံ့ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ပါ အခြေခံအချက်တခုဖြစ်တဲ့ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ရေးဆိုတဲ့ မူအပြင်  အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရှေ့မှောက်မှာ လိုက်နာဖို့ သဘောတူညီခဲ့တာကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ တရားခံဖြစ်ပြီး လက်ရှိမှာ စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ အချုပ်အခြာကို ထိန်းချုပ်ထားတဲ့ တခုတည်းသော အာဏာပိုင် မဟုတ်သလို ပြည်သူလူထုကို ကိုယ်စားပြုတာလည်း လုံးဝမရှိတော့တာကို သတိချပ်ရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာ လုပ်ငန်းတွေလုပ်ရာမှာ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာ၊ တိုက်ရိုက်ဦးတည် ထောက်ပံ့နေတာသာမက အမှန်တကယ် ထိခိုက်ခံစား နေရတဲ့ သဘာဝဘေး၊ စစ်ဘေးဒဏ်ခံ မြန်မာပြည်သူတွေဆီ အကူအညီတွေ တိုက်ရိုက်ရောက်နိုင်အောင် သက်ဆိုင်သူအားလုံးနဲ့ လုပ်ငန်းစဉ်တရပ်အဖြစ် ချိတ်ဆက်ဆောင်ရွက်သွားဖို့ အထူးလိုအပ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်အတွင်း အားလုံးပါဝင်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ မြန်မာပြည်သူလူထုရဲ့ လိုလားချက်၊ မျှော်မှန်းချက်တွေကို ကိုယ်စားပြုတဲ့ သဘောထား ထင်ဟပ်စေနိုင်မယ့် (Myanmar-Owned and Myanmar-led process)   ဖြစ်စေဖို့အတွက် စစ်ခေါင်းဆောင်နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်တာတွေကို အထူးသတိပြုသင့်လို့ ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတဆင့်ပဲ ပေးအပ်မယ်ဆိုရင် အကူအညီတွေဟာ နိုင်ငံရေးအရ အလွဲအသုံးချမယ့်အန္တရာယ်ကို မလွဲမသွေ တွေ့ကြုံရမှာဖြစ်လို့ စစ်အုပ်စုဆီကတဆင့်ပဲ ပေးတာကို အပြင်းအထန်ကန့်ကွက်တယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013