DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးကူညီရန် ငွေကျပ်သန်းပေါင်း ၁,၈၀၀ ကျော် NUG ရရှိထား၊ ၂၄ မြို့နယ်၌ ထောက်ပံ့နေဟုဆို
DVB
·
April 6, 2025
ငလျင်ဘေးကူညီရန် ငွေကျပ်သန်းပေါင်း ၁,၈၀၀ ကျော် NUG ရရှိထား၊ ၂၄ မြို့နယ်၌ ထောက်ပံ့နေဟုဆို
Donate to DVB

ငလျင်ဒဏ်သင့်ဒေသတွေကို ထောက်ပံ့ဖို့ လတ်တလောမှာ ငွေကျပ်သန်းပေါင်း ၁,၈၀၀ ကျော် ရရှိထားပြီး မြို့နယ် ၂၄ မြို့နယ်မှာ ထောက်ပံ့နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီက သိရပါတယ်။

NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဧပြီ ၄ ရက်နေ့အထိ စာရင်းတွေအရ တိုင်းနဲ့ပြည်နယ် ၅ ခုက မြို့နယ် ၂၄ ခုမှာ အိမ်ထောင်စုပေါင်း ၃,၀၀၀ ကျော်အတွက် ထောက်ပံ့ခဲ့တာပါ။

အဓိကထောက်ပံ့တာကတော့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ မြင်းမူ၊ ရွှေဘို၊ ပုလဲ၊ အင်းတော်၊ ကနီနဲ့ ဝက်လက် စတဲ့မြို့တို့မှာ စုစုပေါင်း သိန်း ၁,၅၀၀ ကျော် ထောက်ပံ့ခဲ့ပြီး တခြားမြို့တွေအတွက်လည်း ထောက်ပံ့ရေး စီစဉ်နေတယ်လို့ NUG ပြန်ကြားရေးရုံးကတဆင့် သိရပါတယ်။

မန္တလေးတိုင်းက စဉ့်ကူးမြို့နဲ့ တခြား ၁၂ မြို့မှာ ချိတ်ဆက်ထောက်ပံ့ထားသလို နောက်ထပ်လည်း ထောက်ပံ့ဖို့ လုပ်ဆောင်နေပြီး လတ်တလောမှာတော့ ကျပ်သိန်းပေါင်း ၈၅၀ ကျော် ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းထဲမှာ ထောက်ပံ့နေဆဲ ၆ မြို့နယ်အတွက် ငွေကျပ် သိန်း ၂,၁၀၀ ကျော် ထောက်ပံ့ထားပြီး တခြားဒေသ ၄ ခုက မြို့တွေမှာလည်း NUG က လက်လှမ်းမီသမျှအတွက် ငွေကျပ် သိန်းပေါင်း ၁,၁၀၀ ကျော် ထောက်ပံ့ထားတယ်လို့ NUG ပြန်ကြားရေးရုံးကတဆင့် သိရပါတယ်။

ပဲခူးတိုင်း၊ ထန်းတပင်ဒေသခံတယောက်က “စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာတွေတောင် လာလှူတဲ့အဖွဲ့တွေရှိတယ် မကြားမိဘူး။ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ အုပ်ချုပ်ရေးအဖွဲ့နဲ့ PDF တွေက ဆေးကုပေးတာ၊ ပျက်စီးတာတွေ ဝိုင်းကူပြင်ပေးတာ၊ ပစ္စည်းတွေ ရွှေ့ပြောင်းပေးတာမျိုးတွေတော့ လုပ်ပေးကြပါတယ်လို့ ပြောကြောင်း” NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ငူမြို့နယ်မှာတော့ ဒေသခံပရဟိတအဖွဲ့တွေ အများအပြားရှိလို့ ရေရရှိရေးအတွက် မီးစက်နဲ့ တအိမ်ဝင်တအိမ်ထွက် ရေလိုက်တင်ပေးတာမျိုး၊ ဆေးရုံပေါ်က ငလျင်ထိခိုက် လူနာတွေကို ထမင်းဟင်း ပို့ပေးတာမျိုးတွေ လုပ်ဆောင်နေကြသလို တောင်ငူမြို့နယ် ကြက်ခြေနီကလည်း စာရင်းလိုက်လံကောက်နေတာမျိုးတွေ တွေ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖြူးဒေသခံတယောက်က “ဘယ်အဖွဲ့အစည်းမှ မလာပါ။ လာလည်း မလာရဲကြပါ။ စစ်တောင်းမြစ် အနောက်ခြမ်းက ကျမတို့ဆီက ကျေးရွာ ၅ ရွာမှာ ရေတွင်း ၄၉ ခုက ရေလုံးဝမထွက်တော့ပါဘူး။ မြို့ပေါ်မှာ အဖွဲ့အစည်းတချို့ လှူဒါန်းတာမျိုး ကြားရပေမဲ့ ကျမတို့ဆီမှာ ဘယ်သူကမှ လာလှူတာမျိုး မရှိပါဘူး။ နေအိမ်တွေလည်း တလုံးမှ နေလို့မရတော့ပါဘူး။ မြို့ပေါ်က လှူချင်တဲ့သူတွေတောင် စစ်တပ်က မှတ်ထားပြီး ဒုက္ခပေးမှာစိုးလို့ မလှူရဲကြဘူး” လို့ ပြောပါတယ်။

NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေမဟုတ်တဲ့ ရှမ်းပြည်နယ်နဲ့ နေပြည်တော် စတဲ့ ဒေသတွေမှာလည်း ကူညီထောက်ပံ့တာတွေ ရှိတယ်လို့ NUG ပြန်ကြားရေးရုံးက ဆိုပြီး လုံခြုံရေးအရတော့ ဒေသတွေကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ငလျင်ဘေးသင့် စစ်ကိုင်းမြို့နယ်ထဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သွားရောက်အားပေးနှစ်သိမ့်ခဲ့ပြီး စစ်ကောင်စီထိန်းချုပ်နယ်မြေထဲက ပြည်သူတွေကိုလည်း ကူညီပေးနေတယ်လို့ NUG က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013