
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ ဘုတ်ပင်ဆိပ်ကျေးရွာအနီးက ပင်လယ်အတွင်းမှာ စက်လှေတွေကို လိုက်ဖမ်းပြီး ငွေတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲအဖွဲ့ ဓားနဲ့အခုတ်ခံရပြီး ရဲတပ်သားတယောက်သေဆုံးကာ အရာရှိတယောက် အပြင်းအထန်ဒဏ်ရာရရှိပြီး သေနတ်တွေကို ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငပုတောမြို့နယ်၊ မကျီးဇင်ကျေးရွာကနေ ငှက်ပျောချောင်းအတွင်း ကုန်သယ်နေတဲ့ စက်လှေတစီးကို ဧပြီ ၃ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီးနောက် ဧပြီ ၄ ရက် ညနေ ၄ နာရီလောက်မှာ ငရုတ်ကောင်းမြို့ကို ပို့ဆောင်စဉ် ပင်လယ်အတွင်းမှာ ဖမ်းဆီးခံထားရသူ လှေထိုးသားတွက လှေပေါ်မှာ လိုက်ပါလာသူရဲ့ တပ်သားတယောက်နဲ့ စစ်ကောင်စီ အရာရှိတယောက်ကို ဓားနဲ့ခုတ်ကာ ပင်လယ်ထဲ ပစ်ချခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဖမ်းထားတဲ့သူတွေနဲ့ စက်လှေကို ရဲစခန်းသွားအပို့မှာ လှေသမားတွေက ဝိုင်းပြီး ဓားနဲ့ခုတ်တာ။ လှေသမားတွေက ဓားနဲ့ခုတ်ပြီး ပင်လယ်ထဲကို ပစ်ချခဲ့တာလို့ သိရတယ်။ ရဲတပ်သားကသေသွားပြီး သေနတ်တွေပါ အကုန်ပါသွားတာ” လို့ ပြောပါတယ်။
ဓား နဲ့ ခုတ်ခံရမှုကြောင့် ရဲတပ်သား မိုးထက်ဝဠာကျော်ဟာ ငရုတ်ကောင်းဆေးရုံကို ပို့ဆောင်စဉ်မှာပဲ သေဆုံးသွားပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးဆိုသူလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “တာဝန်ရှိသူတွေကို ပင်လယ်ထဲကနေ ဆယ်ယူခဲ့ရတာပါ။ ဒီနေ့တပ်က ပိုက်စိပ်တိုက်ရှာနေတယ်။ စက်လှေသမားတွေဆီ လက်နက်တွေပါ ပါသွားတယ်။ သူတို့ဖမ်းထားတဲ့ စက်လှေနဲ့လူတွေရော အကုန်လွတ်သွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်းနဲ့ အနီးတဝိုက်မှာ တပ်စွဲထားပြီး ပင်လယ်အတွင်း ကုန်သွယ်သွားလာနေတဲ့ လှေတွေကို ဖမ်းဆီးပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။