DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်ဂိတ် ၂ ခုတွင် စားသောက်ကုန်နှင့် လူသုံးကုန်များ အကန့်အသတ်ဖြင့် ခွင့်ပြု
DVB
·
April 4, 2025
တရုတ်နယ်စပ်ဂိတ် ၂ ခုတွင် စားသောက်ကုန်နှင့် လူသုံးကုန်များ အကန့်အသတ်ဖြင့် ခွင့်ပြု
Donate to DVB

ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ်ဂိတ် ၂ ခုက အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေကို အချိန်အကန့်အသတ်နဲ့သာ တင်သွင်းခွင့်ပြုထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ လိုင်ဇာနယ်စပ်ဂိတ်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ် တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ဖွင့်ပေးခဲ့ပြီး အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေကို တင်သွင်းခွင့် ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဒီလိုင်ဇာဂိတ်က လွန်ခဲ့တဲ့ ၁ ရက်၊ ၂ ရက်လောက်ကနေပြီး တရုတ်ပြည်ကနေ ကားအကြီးတွေ ဝင်တယ်။ စားသောက်ကုန်တွေ ဈေးပစ္စည်းတွေပေါ့။ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ ကားနဲ့ဝင်တာတော့ ပြန်တွေ့ရတယ်။ အရင်တုန်းကတော့ အဲလိုပိတ်ထားတဲ့ အခြေအနေ ဟုတ်တယ်။ အခုဒီရက်ပိုင်း တရုတ်ပြည်ဘက်နေ အဓိကတော့ စားသောက်ကုန်တွေ လူသုံးကုန်တွေပဲ ဝင်တာတွေ့သေးတယ်။ တခြားကတော့ ဝင်တာ မတွေ့မိသေးဘူး။ နယ်စပ်ဂိတ်တွေလည်း အရင်ကတုန်းကလို ဝင်ဝင်ထွက်ထွက် ခွင့်ပြုတာ သွားလာတာလည်း မတွေ့ရသေးဘူး။ စားသောက်ကုန်တွေ ဝင်တာပဲ တွေ့သေးတယ်” လို့ ပြောပါတယ်။

ကုန်ကားတွေ ဝင်ရောက်လာပေမဲ့လည်း ဘိလပ်မြေ၊ စက်သုံးဆီနဲ့ သံထည်ပစ္စည်းတွေတော့ ဝင်လာတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

နယ်စပ်တကျောရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို တိုက်ပွဲတွေရပ်တန့်ပေးဖို့ ဖိအားပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၈ ရက်ကစပြီး တရုတ်နိုင်ငံဘက်က ကချင်နယ်စပ်ဂိတ်တွေ အားလုံးကို ရုတ်တရက် ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် KIA ဘက်ကလည်း တရုတ်ပိတ်လိုက်တဲ့ နယ်စပ်ဂိတ်တွေအားလုံးကို တန်ပြန်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့က တရုတ်နိုင်ငံကို ထွက်ခွာပြီးနောက် ဒီဇင်ဘာ ၁၂ ရက်မှာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်း နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ခဲ့ကြတာ ဖြစ်ပါတယ်။

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ခဲ့တဲ့နောက် တရုတ်ဘက်က ကုန်ပစ္စည်းတွေ အဝင်မရှိဘဲ တရုတ်ဘက်ကနေ ကချင်ဘက်မှာ လာစိုက်ပျိုးထားတဲ့ တစ်သျှူးငှက်ပျောနဲ့ ဖရဲ၊ ကြံတို့လို သီးနှံကားတွေကိုတော့ တရုတ်ဘက်အဝင်ပဲ ရှိခဲ့တာပါ။

ဒေသခံက “ဒီလွယ်ဂျယ်ဘက်က နယ်စပ်ဂိတ်ဆိုရင်လည်း ဒီကနေ ကြံတွေ၊ ဖရဲတွေ၊ ငှက်ပျောသီးတွေကျတော့ လွန်ခဲ့တဲ့ ကြံတွေ စခုတ်တဲ့ ဖေဖော်ဝါရီ မတ်လောက်ကနေ စပြီး ကြံကားတွေ၊ ဖရဲကားတွေ၊ ပြီးတော့ ငှက်ပျောကားတွေကတော့ တရုတ်ပြည်ဘက်ကို ဝင်နေတာ။ သူတို့ အချိန်အကန့်အသတ်နဲ့ ဖွင့်ပြီးမှ ဒီလွယ်ဂျယ်ဂိတ်ကနေ ဝင်နေတာတော့ တွေ့နေရတယ်။ အခုဒီရက်ပိုင်းကစပြီး တရုတ်ပြည်ဘက်က အသီးအနှံတွေ စားသောက်ကုန်တွေ ကားအကြီးတွေနဲ့ ဝင်လာတာတော့ ရှိတယ်။ တခြားကုန်တွေကတော့ ဝင်တာ မကြားရသေးဘူး။ လျှပ်စစ်ပစ္စည်းတို့ တခြားပစ္စည်းတွေ ဝင်တာတော့ မရှိဘူး။ အဓိက အခုဝင်နေတာက စားသောက်ကုန်နဲ့ ပတ်သတ်ပြီးပဲ တရုတ်ပြည်ဘက်ကနေ ဝင်လာတာရှိတယ်” လို့ ပြောပါတယ်။

မိုင်ဂျာယာန်၊ ကန်ပိုက်တည်နဲ့ ပန်ဝါက နယ်စပ်ဂိတ်တွေကတော့ ဖွင့်လှစ်ထားခြင်း မရှိဘူးလို့ သိရပြီး KIA ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ်တချို့ကို အရင်ကလည်း မကြာခဏ ပြန်လည်ဖွင့်လှစ်ပြီး ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့ သယ်ယူခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

မိုင်ဂျာယန် ဒေသခံတယောက်က “မိုင်ဂျာယန်ဂိတ်တို့ဆိုရင်လည်း ဖွင့်ပြီလား မဖွင့်ဘူးလား သေချာတော့ မသိရသေးဘူး။ အခုအခြေအနေက အရင်တုန်းကလို တံခါးတွေ အမြဲတမ်းဖွင့်ပြီးမှ ဝင်ခိုင်းတာ မဟုတ်ဘူး။ ပစ္စည်းတွေဝင်တဲ့ အချိန်ကျမှ နယ်စပ်ဂိတ်တံခါးတွေ ဖွင့်တယ်။ နောက်ပိုင်းကျ ပြန်ပိတ်လိုက်တယ်။ အဲလို အခြေအနေ ဟုတ်တယ်။ တရုတ်ပြည်က လူတွေရော ဗမာပြည်က လူတွေရော နိုင်ငံကူးလက်မှတ်တွေ လုပ်ပြီးမှ ဝင်ထွက်သွားလာနိုင်တဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ အဓိကတော့ တရုတ်ပြည်ကနေ ကုန်ပစ္စည်းတွေ စားသောက်ကုန်ပစ္စည်းတွေ မြန်မာပြည်ကို ဝင်တယ်။ ကချင်က ပစ္စည်းတွေကတော့ သူတို့တရုတ်က လုပ်ငန်းရှင်တွေ လာစိုက်ထားတဲ့ ကြံ၊ ဖရဲ၊ ငှက်ပျော အဲ့လိုကားတွေတော့ ကချင်ဘက်နေ တရုတ်ပြည်ဘက်ကို ဝင်တာတော့ ရှိတယ်” လို့ ပြောပါတယ်။

KIA က ပြီးခဲ့တဲ့နှစ် တရုတ်နယ်စပ်ရှိ စကစတပ်စခန်းရှိရာ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် နယ်စပ်ဂိတ်တွေ နှစ်ဖက်ပိတ်လိုက်ပြီး လောင်စာဆီနဲ့ တခြားကုန်ပစ္စည်းအားလုံး တင်သွင်းခွင့် ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။

ကချင်-တရုတ် နယ်စပ်တကျောက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ လိုင်ဇာ၊ လွယ်ဂျယ်၊ မန်ဝိန်းကြီး၊ ကန်ပိုက်တည်နဲ့ ပန်ဝါ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေအားလုံးကို KIA က ထိန်းချုပ်ထားပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013