DVB Logo
Home
မြန်မာသတင်း
မန္တလေး၌ ပရဟိတ ကယ်ဆယ်ရေးသမား ၁ ဦးကို စစ်တပ်က ပါးရိုက်ပြီး ဆဲဆိုကြိမ်းမောင်း
DVB
·
April 1, 2025
မန္တလေး၌ ပရဟိတ ကယ်ဆယ်ရေးသမား ၁ ဦးကို စစ်တပ်က ပါးရိုက်ပြီး ဆဲဆိုကြိမ်းမောင်း
Donate to DVB

မန္တလေးမှာ ငလျင်ကယ်ဆယ်ရေးတွေလုပ်နေတဲ့ ပရဟိတကယ်ဆယ်ရေးသမားတယောက်ကို စစ်ကောင်စီတပ်သားတွေက ပါးရိုက်ပြီး ဆဲဆိုကြိမ်းမောင်းသွားတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးနေတဲ့ တိုက်တွေထဲကပြည်သူတွေကို ကယ်ထုတ်နေတဲ့ ပရဟိတကယ်ဆယ်ရေးသမားတယောက်ကို စစ်သားတွေက သူတို့ရဲ့ ညွှန်ကြားချက်ကို မလိုက်နာလို့ဆိုကာ ပါးရိုက်ပြီး ဆဲဆိုကြိမ်းမောင်းသွားတာကြောင့် ကာယကံရှင် ပရဟိတသမားဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စွန့်ခွာပြီး နေရပ်ပြန်သွားတယ်လို့ မန္တလေးမြို့ခံတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။

မျက်မြင်တွေ့လိုက်ရတဲ့ မန္တလေးမြို့ခံက “ကျုံးဘေးနားမှာဖြစ်တာ။ မနေ့က ညပိုင်းမှာဖြစ်တာ။ ကယ်ဆယ်ရေးသမား ကောင်လေးက ဂျိုက်သွားယူတာလား၊ ဒေါက်ထောက်ဖို့ ဘာသွားယူတာလည်း မသိဘူး။ လုံခြုံရေး ကင်းလှည့်နေတဲ့ စစ်သားတွေက ည ၁၀ နာရီထိုးတော့မှာမို့လို့ သွားမယူတော့နဲ့ ပြောတာကို ကောင်လေးက အရမ်းအရေးကြီးနေလို့ပါ၊ ၁၀ နာရီမထိုးခင်ပြန်လာပါ့မယ်လို့ တောင်းပန်တာကို သူတို့ ပြောတာနားမထောင်လို့ဆိုပြီး စစ်သားတယောက်က ပါးရိုက်တာ။ ရိုက်တဲ့စစ်သားတွေက  နန်းတွင်းထဲကကောင်တွေ။ ဒီနေ့ အဲ့ဒီကောင်လေး ရန်ကုန်ကို ပြန်သွားပြီလို့ သူနဲ့အတူတူ ကယ်ဆယ်ရေးလုပ်နေတဲ့ ကလေးတွေကပြောတယ်။ လူကယ်နေတဲ့ကလေးတယောက်ကို အခုလိုလုပ်တာက တော်တော်အောက်တန်းကျတယ်။ သူတို့ကျတော့ ဝင်မလုပ်ဘူး၊ လုပ်တဲ့သူတွေကိုလည်း အနှောင့် အယှက်ပေးတာ  တော်တော်တရားလွန်တယ်”လို့ ပြောပါတယ်။

ပါးရိုက်ဆဲဆို ခံလိုက်ရတဲ့ ပရဟိတ ကယ်ဆယ်ရေးသမားလူငယ်ဟာ ရန်ကုန်ကနေ မန္တလေးကို ပရဟိတအသင်းအဖွဲ့တွေနဲ့လိုက်ပါလာကာ ငလျင်ဘေးကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေသူဖြစ်ပြီး အန္တရာယ်များလွန်းတဲ့နေရာတွေထဲအထိ ဝင်ရောက်ကယ်ဆယ် ပေးနေသူတယောက်ဖြစ်တယ်လို့  ပရဟိတအသင်းအဖွဲ့တွေထံကသိရပါတယ်။

ပရဟိတအဖွဲ့ဝင်တယောက်က  “လုံခြုံရေးအရ ကျနော်အသေးစိတ်မပြောတော့ဘူ၊ အဲ့ဒီကလေးကို ပြန်လွှတ်လိုက်တယ်။ စစ်သားတွေထပ်ပြီး ပြဿနာရှာမှာစိုးလို့ ရန်ကုန်ပြန်မယ့် ကားနဲ့ပဲ ထည့်ပေးလိုက်တယ်။ ကလေးက ဆက်နေချင်ပေမဲ့ သူနဲ့ပတ်သက်ပြီး ကျနော်တို့ တဖွဲ့လုံးပြဿနာ အရှာခံရရင် ဒီမှာဆက်ပြီးမကူနိုင်တော့တာဖြစ်ရင် ပြည်သူ‌တွေနစ်နာမှာစိုးလို့ ပြန်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာ”လို့  ပြောပါတယ်။

လက်ရှိ မန္တလေးမြို့မှာ ကယ်ဆယ်ရေးလုပ်နေသူတွေဟာ အနယ်နယ်အရပ်ရပ်က ပရဟိတကယ်ဆယ်ရေးအဖွဲ့တွေဖြစ်ပြီး စစ်ကောင်စီတပ်သားတွေကို အနည်းငယ်သာတွေ့ရကာ ပြိုကျနေတဲ့ တိုက်တွေထဲမှာပိတ်မိသူတွေကို ကယ်ဆယ်မယ်ဆိုရင် တားမြစ်ပိတ်ပင်တာအပြင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်တောင်းခံနေရတာကြောင့် အသက်ရှင်နိုင်မယ့်သူတွေကို ကယ်ဆယ်ဖို့ အချိန် နှောင့်နှေးကြန့်ကြာနေရတယ်လို့ ပရိဟိတအသင်းအဖွဲ့တွေထံကသိရပါတယ်။

ဒီလို လူကယ်ဖို့အတွက် ခွင့်ပြုချက် အဆင့်ဆင့်တင်ရတာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ နှောင့်ယှက်မှု တွေကြောင့် အသက်ရှင်နိုင်တဲ့သူတွေဟာ သေဆုံးခဲ့ရတာတွေရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013