
ဆေးကုသမှုနဲ့ လတ်တလော လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေတဲ့ ဦးထူးခန့်ကျော်၊ ဦးနေလင်းအောင်နဲ့ ရွှေလက်ပိုင်ရှင် ဒေါ်ခင်စန်းရီတို့ရဲ့ ဆေးကုသမှုတွေကို စစ်ဆေးဖို့ အောက်တိုဘာ ၁၃ ရက်က ပြုလုပ်တဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက အကြံပြု ဆွေးနွေးခဲ့ပါတယ်။
လူနာတွေ ဘေးကင်းရေးနဲ့ ကုသနေသူတွေရဲ့ ဆေးဝါးမှတ်ပုံတင် ရှိ၊ မရှိ လိုင်စင်အထောက်အထားနဲ့ သူတို့ကုသပုံတွေ သီးခြားစုံစမ်းစစ်ဆေးပေးဖို့ ဦးဟံသာဝင်းက ပြောဆိုခဲ့တာပါ။
“အွန်လိုင်းပေါ်မှာ ဦးထူးခန့်ကျော်၊ ဦးနေလင်းအောင်၊ ဒေါ်ခင်စန်းရီတို့ရဲ့ ဆေးကုသမှုမှတ်တမ်းတွေ လိုင်စင်တွေကို သီးခြားစစ်ဆေးဖို့ လိုပါတယ်။ အဲဒီနေရာမှာ တခုရှိတာက သူတို့ကိုယ်တိုင် ဆေးကုသမှုလိုင်စင် မရှိဘူး၊ သူတို့ ဆရာလိုင်စင်ကိုယူပြီး သူတို့က လက်ထောက်အနေနဲ့ ရေမန်းနဲ့ကုတာ၊ ဆီမန်းနဲ့ကုတာ၊ လက်ဝါးစောင်းခုတ်တာ၊ ဒူးနဲ့တိုက်တာ၊ ဒီလို ဆေးကုသမှုတွေကို စိစစ်ဖို့လည်း လိုပါတယ်။ ဘယ်လိုမျိုး ပရဟိတနဲ့ကုကု လူနာတယောက်ဟာ အနိမ့်ဆုံး ၅၀,၀၀၀ နဲ့ ၁၀၀,၀၀၀ ကြား ကုန်ပါတယ်။ ရပ်ဝေးရပ်နီးကလာတဲ့ လူနာရှင်တွေဆို အနည်းဆုံး လေး ငါးသိန်းခန့် ကုန်ကျတာ ဖြစ်ပါတယ်။ ဒါက လက်ရှိ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ဆေးကုသမှုတွေပါ။”
အခုလိုဖြစ်လာတာဟာ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုန်ကျစရိတ်များပြီး လူနာတွေကို ဆရာဝန်တွေက လျစ်လျူရှုတာကြောင့် ငွေကြေးမတတ်နိုင်တဲ့ ဝေဒနာရှင်တွေအနေနဲ့ ပျောက်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားကုတာလို့ လူနာရှင်တယောက်က DVB ကို ပြောပါတယ်။
“ဆေးရုံတွေမှာ ဆရာဝန်ကစပြီး သန့်ရှင်းရေးအထိ လူနာတွေကို အော်တာ၊ ငေါက်တာ ရှိတယ်။ ငွေကြေးမရှိတဲ့ လူနာတွေဆို ဥပေက္ခာပြုတယ်၊ ကုန်ကျစရိတ်ကျတော့လည်း ဂွမ်းကစပြီး ဆေးအထိ ဝယ်ရနေတော့ မတတ်နိုင်တဲ့သူတွေကျတော့ အခုလို ပရဟိတနဲ့ ကုတဲ့သူတွေဆီ ရောက်သွားရော။ သွားတယ်ဆိုတာလည်း ပျောက်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားကြတာ။”
အောက်တိုဘာ ၁၁ ရက်က မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက် ဗိုလ်ဗထူးလမ်းမပေါ်က မဟာဂန္ဓာရုံဘုန်းကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ပရဟိတ ဦးနေလင်းအောင် ဆေးကုခန်းကို မြို့နယ်အာဏာပိုင်တွေ ပိတ်ခဲ့တာ ရှိပါတယ်။
အောက်တိုဘာ ၇ ရက်က ဘားအံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက “ပြည်သူလူထုရဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ပိနေမှုကို လျှော့ချပေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ပြင်ပလူနာဌာနကြီးတွေ ဖွင့်လှစ်ပေးဖို့နဲ့ ရောဂါကြီးတွေကို နိုင်ငံတကာအဆင့်မီ ကုသပေးနိုင်ဖို့ အတွက် ဒေသစုံညီ ဖွင့်လှစ်ပေးနိုင်ဖို့” အဆိုတင်သွင်းခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်မှာ ဦးဟံသာဝင်း အပါအဝင် ကိုယ်စားလှယ် ၁၈ ယောက်က ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။











