
ပြီးခဲ့တဲ့ မတ် ၂၉ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြို - ကြိမ်ချောင်း ကားလမ်း မီးတိုက်ကျေးရွာအနီးမှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ သွားလာနေစဉ် ARSA အကြမ်းဖက်အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
မီးတိုက်ကျေးရွာအနီး ဆိုင်ကယ်နဲ့သွားလာနေတဲ့ AA တပ်ဖွဲ့ဝင်တွေကို အင်အား ၂၀ ကျော်လောက်ရှိတဲ့ ARSA အကြမ်းဖက်အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ARSA မွတ်ဆလင်အကြမ်းဖက်အဖွဲ့က မောင်တောကနေ ရသေ့တောင် စေတီပြင်ကိုသွားတဲ့ တုတ်တုတ်တစီးကို ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသကို ပြီးခဲတဲ့နှစ် ဒီဇင်ဘာလကတည်းက AA က အပြီးသတ် ထိန်းချုပ်ထားနိုင်ပေမဲ့လည်း ARSA၊ RSO နဲ့ ARA စတဲ့ မွတ်ဆလင်အကြမ်းဖက် အဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေကို မကြာခဏ လုယက်တာ၊ ချုံခိုတိုက်ခိုက်တာတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒေသခံတွေကြားမှာ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ကေခိုင်