
စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးနောက် ၄၈ နာရီအတွင်း သေဆုံးသူ ၁,၆၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁,၅၀၀ ကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
NUG ထုတ်ပြန်တဲ့ စာရင်းထဲမှာ သေဆုံးသူ ၁,၆၁၄ ယောက်၊ ဒဏ်ရာရသူ ၁,၅၅၇ ယောက်၊ ပျောက်ဆုံးသူ ၁,၃၇၆ ယောက် ရှိပါတယ်။
ဒါ့အပြင် စေတီ ၁၅၇ ဆူ၊ ဗလီ ၅၂ ခုနဲ့ ဘုရားကျောင်း ၇၁ ကျောင်း၊ လမ်းတံတား ၄၃ ခုအထက်နဲ့ လူနေအိမ်ကတော့ ၁၃,၄၁၁ ကျော် ပျက်စီးခဲ့ကြောင်း ဆိုပါတယ်။
သေဆုံးသူ ဆက်လက်မြင့်တက်နေပြီး မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးတို့မှာ နောက်ဆက်တွဲ ငလျင်တွေ ဖြစ်ခဲ့ကာ ဒီကနေ့ မတ် ၃၀ ရက် မနက်ပိုင်းက ရွှေဘိုနားမှာ ၄ ဒသမ ၂၊ နေ့လယ်ပိုင်းမှာတော့ နေပြည်တော်မှာ ၅ ဒသမ ၁ နဲ့ မန္တလေးနားမှာ ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
မြို့ပေါ်ဒေသတွေမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စီမံခန့်ခွဲရေးအတွက် အခက်ကြုံနေရပြီး လူနဲ့ စက်ပစ္စည်းအင်အား မလုံလောက်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေပြီး ပျောက်ဆုံးသူတွေ အသက်ရှင်ရေး မျှော်လင့်ချက် နည်းပါးနေပြီလို့ ဆိုပါတယ်။
ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး အခက်အခဲတွေအပြင် ငလျင်ဘေးသင့်သူတွေအတွက် အစားအသောက်၊ ယာယီနေစရာနဲ့ တကိုယ်ရေသုံးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။