
ဟော်မုဇ်ရေလက်ကြားကနေ ထွက်ခွာလာတဲ့ LPG ဓာတ်ငွေ့ရည်တင် သင်္ဘောတစင်းဟာ အမည်မသိ ပစ်ခတ်မှုတခုက ထွက်လာတဲ့ အပိုင်းအစတွေ ထိမှန်ခံခဲ့ရပြီး အဲဒီနေ့ အစောပိုင်းမှာလည်း အလားတူဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးတယ်လို့ ဗြိတိန်ရေကြောင်းကုန်သွယ်ရေး လုပ်ငန်းများအဖွဲ့ (UKMTO) က တနင်္လာနေ့မှာ ပြောပါတယ်။
သင်္ဘောကပ္ပတိန်ဆီကနေ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ကျမှ ရောက်လာတဲ့ သတင်းပေးချက်ကို လက်ခံရရှိခဲ့တယ်လို့ UKMTO က ဆိုပါတယ်။
သင်္ဘောသားတွေ အားလုံး ဘေးကင်းလုံခြုံတယ်လို့ သတင်းပို့ထားပြီး ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု တစုံတရာမရှိဘူးလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အဲဒီသင်္ဘောကတော့ သူ့ရဲ့နောက်ထပ် ဆိပ်ကမ်းကို ခရီးဆက်နှင်မှာဖြစ်တယ်လို့ UKMTO က ပြောပါတယ်။
ဒါဟာ UKMTO က တနင်္လာနေ့က မှတ်တမ်းတင်ခဲ့တဲ့ ဒုတိယမြောက် ရေနံတင်သင်္ဘောနဲ့ ပတ်သက်တဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။
အဲဒီနေ့ အစောပိုင်းတုန်းကလည်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ တခြား သင်္ဘောတစင်းဟာ အမည်မသိ ပစ်ခတ်မှုတခု ထိမှန်ခဲ့တာကြောင့် သင်္ဘောသား ၂ ယောက် ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ အေဂျင်စီက ပြောပါတယ်။
အဲဒီသင်္ဘောဟာ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ပဲ နောက်ထပ်ဆိပ်ကမ်းကို ဆက်သွားခဲ့တယ်လို့ ဆိုပါ တယ်။
Source: Reuters











