
အာရှလမ်းနဲ့ မြဝတီမြို့ကို နည်းလမ်းပေါင်းစုံနဲ့ ထိုးဖောက်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းစစ်ကြောင်းတွေက တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မတ်လအတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းဟာ မြဝတီမြို့ကို ထိုးဖောက်နိုင်ဖို့ အာရှလမ်းနဲ့ ရန်ကုတ် (လမ်းဟောင်း) ဘက်ကနေ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးစားထိုးစစ်ဆင်နေပေမဲ့ လတ်တလောမှာတော့ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းတွေရဲ့ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်တာကို ခံနေရပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “ပြန်လည်ထိုးစစ်ဆင်တာတော့ ဟုတ်တယ်။ ပြန်လည်ထိန်းချုပ် နိုင်သလောက် ထိန်းချုပ်တဲ့ အပိုင်းတွေကို လုပ်နေတယ်။ သူတို့(စစ်ကောင်စီ)ဘက်က စိုးမိုးထားတဲ့နေရာတွေကို ရသလောက် ပြန်ယူနေတာတော့ ရှိတယ်။ ဒါပေမဲ့ ဒီစစ်ဆင်ရေးကို KNU က ဦးဆောင်နေတာကြောင့် ကျနော်တို့အနေနဲ့ သတင်းပိုင်းဆိုင်ရာကို ထုတ်ပြန်ခြင်းတော့ မရှိသေးဘူး” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့အပါအဝင် အနီးအနားကျေးရွာက သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘားအံ၊ မော်လမြိုင်၊ သာမညနဲ့ ဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင် နေရတာကြောင့် ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “စစ်ဘေးရှောင်တွေအနေနဲ့ ဒုက္ခတွေရောက်ကြတာ ပေါ့။ သူတို့အိမ်သူတို့ ပြန်မနေရတော့ စစ်ဘေးရှောင်တွေက အမျိုးမျိုးဒုက္ခရောက်တာပေါ့။ ပြည်သူတွေမှာ မရှိမဲ့ ရှိမဲ့နဲ့ ဆောက်ထားတဲ့ အိမ်တွေက မီးလောင်တဲ့အထဲပါ။ အိမ်တွေမရှိတော့တဲ့အတွက် အိမ်တွေက ပြန်ရင် နေစရာ အိမ်မရှိ။ ပြန်လာနေဖို့ ခေါ်ပြန်တော့လည်း တိုက်ပွဲတွေက ဖြစ်။ ပြည်သူတွေက တခါပြန်ပြေးဆိုတော့ ပြန်လိုက်သွားလိုက်နဲ့ ဒုက္ခအမျိုးမျိုးရောက်ကြတယ်” လို့ ပြောပါတယ်။
မတ်လဒုတိယပတ်ကစပြီး စစ်ကောင်စီစစ်ကြောင်းတွေ ပျားပင်၊ ခနိမ်းမူ၊ တတန်ကူး၊ ဆင်ကုန်း၊ ကော့နွဲကျေးရွာ တကြောကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ကင်းထောက်ပြီး ဒရုန်းဗုံးကြဲ တိုက်ခိုက်ပြီးနောက် ခနိမ်းမူနဲ့ ပျားပင်ကျေးရွာကို ထိုးစစ်ဆင် ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတောက်လျှောက် ဖြစ်ပွားခဲ့ပါတယ်။
အောင်ခန့်