
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ရိုးမအစပ်ရှိ တုံးတောရွာရှိ စစ်တပ်ကာကင်းစခန်းကို မတ် ၂၄ ရက်မှာ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိကြောင်း လေးမျက်နှာမြို့ ဒေသခံတယောက်က ပြောပါတယ်။
“ရိုးမအစပ်ရွာတွေဘက် စစ်တပ်နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်။ မနေ့က တုံးတောရွာ စစ်တပ်ကာကင်းစခန်းကို ပူးပေါင်းတပ်တွေ သိမ်းလိုက်တယ်။ အခု အမြောက်တပ် ၃၄၄ က လက်နက်ကြီးတွေ ရမ်းပစ်နေတယ်။”
လေးမျက်နှာမြို့နယ် မုံရွာ-ရေဦးလမ်း ရိုးမအစပ် ချင်းလယ်ရွာမှာ မတ် ၁၇ ရက်က စတင်ပြီး စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရိုးမအစပ်ရွာတွေဖြစ်တဲ့ စမ်းကုန်ကျေးရွာ၊ တုံးတောရွာတွေမှာ မတ် ၂၃ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး သိမ်းယူနိုင်တာလို့ လေးမျက်နှာမြို့ ဒေသခံထံက သိရပါတယ်။
လေးမျက်နှာမြို့နယ်၊ ရိုးမအစပ် ကျေးရွာတွေက ပြည်သူတွေ နီးစပ်ရာကျေးရွာတွေမှာ စစ်ရှောင်နေရပြီး စစ်တပ်က ကျေးရွာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနေကြောင်း၊ ထိခိုက်မှုအခြေအနေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
လေးမျက်နှာမြို့နယ်က တုံးတော၊ စမ်းကုန်းကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ဖြစ်နေပြီး တုံးတောရွာကို ဗုံးတလုံး၊ စမ်းကုန်ရွာဘက်ကို ဗုံး ၂ လုံး စစ်ကောင်စီလေတပ်က မတ် ၂၃ ရက်မှာ လာရောက်ကြဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဧရာဝတီတိုင်အတွင်းက ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စက်တပ်လေထီး၊ ဂျက်တိုက်လေယာဉ််တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေကြောင်း တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။