DVB Logo
Home
မြန်မာသတင်း
ရေလည်ကျွန်းဒေသ ပြည်သူ ၃၅ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီး
DVB
·
March 24, 2025
ရေလည်ကျွန်းဒေသ ပြည်သူ ၃၅ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသကို စစ်ကောင်စီစစ်ကြောင်းထိုးနေတာ ရက် ၂၀ ‌ကျော်ကြာမြင့်ခဲ့ပြီး ပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ  ပြည်သူ ၃၅ ယောက်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ရေလည်ကျွန်း အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရေစကြိုမြို့ပေါ်က ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မတ် ၂ ရက်က စတင်ကာ မြေစွန်းတော်ကျေးရွာကနေတဆင့် ရေလည်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာပါ။

မတ် ၂၂ ရက်‌နေ့မှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းက မိုးကွဲကျေးရွာမှာ  ညအိပ်တပ်စွဲခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၃၅ ယောက်လောက်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းတပ်ပေါင်းစုမှ ကိုထွေးက “မိုးကွဲနဲ့ ကံဦးမှာပဲဗျာ အဲ့မှာ ကြာနေပါပြီ။ မနေ့က နာရီဝက် ထိပ်တိုက်တိုက်ပွဲလေး ဖြစ်လိုက်ကြသေးတယ်။ ကျနော်တို့ ထိပ်တိုက် တိုက်လိုက်တဲ့ အချိန်မှာ သူတို့ ဝင်ပြေးသွားပါတယ်။ ကံဦးနဲ့ မိုးကွဲ နှစ်ခုခွဲနေကြတာ၊ အနည်းဆုံး အင်အားကတော့ ၁၇၀၊ ၂၀၀ လောက်ရှိတယ်။ ရွာသား ၃၅ ယောက်လောက်တော့ အဖမ်းခံထားရတယ်၊ အမျိုးသားရော အမျိုးသမီးရော ပါတယ်။ တောထဲမှာ စစ်ရှောင်နေရင်းနဲ့ ဝိုင်းအဖမ်းခံရတာပေါ့၊ မပြေးသာဘူးပေါ့။ အဲဒီလိုဖြစ်သွားတာ။ သူတို့နဲ့အတူ ခေါ်ခိုင်းပြီးတော့ အရက်ဝယ်ခိုင်းတယ်၊ အဲဒီလိုတွေလုပ်နေတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းကြောင့် ရေလည်ကျွန်းဒေသက ညောင်ပင်ရွာ၊ ငတရော်၊ မိုးဖြူ၊ မိုးကွဲ စတဲ့ရွာတွေ အပါအဝင် ‌ကျေးရွာပေါင်း ၁၀ ရွာကျော်က ပြည်သူ သောင်းနဲ့ ချီကာ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေး‌ရှောင်တွေဟာ စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အတူ စားနပ်ရိက္ခာ အခက်အခဲတွေကြုံနေကြရပြီး နွေရာသီ အပူဒဏ်ကြောင့် ဖျားနာတာတွေဖြစ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

စစ်ဘေးရှောင် အကူအညီပေးနေသူတယောက်က “စစ်ကြောင်းထိုးတယ်ဆိုတော့ ကျွန်းတွေပေါ်က အနောက်ဘက်ကမ်းတွေ ဘာတွေသွားရှောင်ကြရတာပေါ့။ တောင်ဖျားကရှိတဲ့ ရွာတွေကတော့ ရွာထဲပြန်ဝင်လို့ရသွားပြီ၊ စစ်ကြောင်းရှိတဲ့ ရွာတွေကတော့ ထွက်ရတုန်းရှိသေးတယ်၊ အခုလောဆယ်တော့ ၁၀ ရွာလောက်တော့ ရှောင်နေရပါသေးတယ်။ မြောက်ကရွာတွေတော့ ၁၅ ရက်လောက်ရှိပြီ ရှောင်နေရတာဆိုတော့ သူတို့မှာတော့ တော်တော် အခက်အခဲရှိတယ်။  ကျွန်းပေါ်မှာရှောင်ရတာ အပူထဲဆို‌တော့ ဖျားတာတို့၊  ကလေးတွေလည်း ဖျားပြီး အန်တာတို့၊ လူကြီးတွေလည်း ဆီးချိုတက်တာတို့၊ သွေးတိုးတက်တာတို့၊ အပူထဲ ရှောင်ရတာဆိုတော့ ဆီးရောဂါလေးတွေဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။

စစ်ကြောင်းစတင်ဝင်ရောက်တဲ့ မတ် ၁ ရက်ကနေစပြီး လက်ရှိအချိန်အထိ မြေစွန်းတော်ရွာက  ၁၁ ယောက်၊ သာဂေါင်ရွာက  ၆‌ ယောက်၊ မြေတော်ရွာကတယောက် စုစုပေါင်းအရပ်သား ၁၈ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013