DVB Logo
Home
Lead Story
အိမ်တွင်းအကြမ်းဖက်မှု နှင့် ဖိုဝါဒအားကြီးလူ့အဖွဲ့အစည်း ဆက်စပ်နေသလား
DVB
·
March 24, 2025
အိမ်တွင်းအကြမ်းဖက်မှု နှင့် ဖိုဝါဒအားကြီးလူ့အဖွဲ့အစည်း ဆက်စပ်နေသလား
Donate to DVB

“အိမ်တွင်းအကြမ်းဖက်မှု” ကိစ္စရပ်ဟာ လူမှုဆင့်ကဲဖြစ်စဥ်အရ ဖြစ်စေ၊ ဥပဒေနဲ့ ရာဇဝတ်မှုအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာရှုထောင့်အရဖြစ်စေ ရှုထောင့်မျိုးစုံမှာ အရေးကြီးတဲ့ ကိစ္စရပ်တခုအဖြစ် ရှိနေပါတယ်။ အများကြီးထဲကမှ တချို့ကို ထင်ဟပ်နိုင်အောင် လေ့လာခြုံငုံကြည့်ဖို့ ဒီဆောင်းပါးလေးကတဆင့် ကြိုးစားထားပါတယ်။ အိမ်ထောင်ဖက်အချင်းချင်းကြား အကြမ်းဖက်မှု ကျူးလွန်တာမှာ ယောက်ျားက မိန်းမကို ကျူးလွန်တာက ယေဘုယျအားဖြင့် ပိုများတာကြောင့် ဒီဆောင်းပါးက မိန်းမက ယောက်ျားကို ကျူးလွန်တဲ့ ရှုထောင့်ကိုတော့ ချန်လှပ်ခဲ့မှာ ဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေက တကြိမ်သာမက အကြိမ်ကြိမ် ဖြစ်လေ့ရှိတာမို့ ကျူးလွန်ခံရသူတွေဟာ Battered woman syndrome (BWS) လို့ခေါ်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုဆက်ဆံရေးပိုင်း အဆင်မပြေတော့တဲ့ လက္ခဏာရပ်အမျိုးမျိုးကို ခံစားကြရပါတယ်။ ဆေးရုံရဲ့ အရေးပေါ်ဌာနကို တက်လိုက် ဆင်းလိုက်နဲ့ ဖြတ်သန်းနေကြရတဲ့အထိပါပဲ။ ဒီဖြစ်ရပ်ဆိုးကြီးကနေ လွတ်မြောက်ဖို့အတွက် ပိုခက်ခဲတဲ့ အခြေအနေ၊ ဒီအခြေအနေမှာ ဥပဒေအကာအကွယ်ကိုလည်း မရရှိခဲ့ရင် ပိုမိုဆိုးရွားတဲ့ ရာဇဝတ်မှုဆိုင်ရာ နောက်ဆက်တွဲအမျိုးမျိုးကို ရင်ဆိုင်ကြရပါတယ်။ ဒီစာမှာတော့ BWS အကြောင်းကို ခြုံငုံမိလောက်တဲ့အထိ မပါဝင်ပါဘူး။ အဓိကအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ဆက်စပ်တဲ့ အကြောင်းရင်းခံ အချက်တွေကို စေ့ငုသွားဖို့ပဲ ဖြစ်ပါတယ်။

အရေးအကြီးဆုံးနဲ့ အကျယ်ပြန့်ဆုံး ဆွေးနွေးရမယ့် အကြောင်းကတော့ မိမိတို့ လူမှုပတ်ဝန်းကျင်က အိမ်တွင်းအကြမ်းဖက်မှု/ အိမ်ထောင်ဖက်အချင်းချင်းကြားအကြမ်းဖက်မှုကို ဘယ်လောက် အတိုင်းအတာအထိ လက်ခံထားပေးသလဲ ဆိုတာပါပဲ။ ဒီအချက်က ဒီအကြောင်းအရာနဲ့ဆိုင်တဲ့ သုတေသနတွေမှာ အများဆုံး ပြောဆိုဆွေးနွေးကြတဲ့ အချက်လည်း ဖြစ်နေပါတယ်။

ဘယ်လိုအရာတွေက လူမှုပတ်ဝန်းကျင်မှာ ဒီလက်ခံမှုကို တွန်းအားပေးသလဲ

-ဖိုဝါဒအားကြီးခြင်း။ ဥပမာ- အရာရာတွင် အမျိုးသမီးထက် အမျိုးသားက ပို၍အရေးပါ၊ မြင့်မြတ်၊ ဆုံးဖြတ်ထိန်းချုပ်ခွင့်ရှိဟု လက်ခံထားခြင်း။

- နှလုံးရည်ထက် ခွန်အားသန်မာမှုကို အလေးထားတဲ့ အတွေးအခေါ် အလေးသာခြင်း။

- ကျား/မနဲ့ အခြား မတူကွဲပြားမှုဆိုင်ရာ ကိစ္စတွေမှာ တိုးတက်တဲ့အမြင် အဓိကအားဖြင့် မျှတတဲ့ အမြင်မပေါ်ထွန်းနိုင်တဲ့ လူမှုပတ်ဝန်းကျင် ဖြစ်နေခြင်း။

- မျိုးဆက်အလိုက် လက်ဆင့်ကမ်းခြင်းခံရခြင်း။ ငယ်ဘဝတွင် အဖေက အမေ့ကို ရိုက်နှက်ခြင်းကို မြင်တွေ့ ကြုံဖူးပါက အိမ်တွင်းအကြမ်းဖက်မှုကို ဖြစ်ရိုးဖြစ်စဥ်လို အလိုလို လက်ခံမိနေခြင်း။

( ၇ နှစ်ကနေ ၁၂ နှစ်အကြား ကလေးငယ်တွေကို ပြုလုပ်တဲ့ သုတေသနတခုမှာ မိဘချင်း အိမ်တွင်းအကြမ်းဖက်မှုရဲ့  အကြောင်းရင်းက ဖခင်ရဲ့ စရိုက်လက္ခဏာနဲ့ ဒေါသကြောင့်လို့ ဆိုပြီး ကလေးငယ် သုံးပုံတပုံကတော့ ဒေါသကို ဆွတတ်တဲ့ မိခင်ကြောင့်လို့ပါ ဆိုပါတယ်။)

- ကြောင်းကျိုးတကျ စဥ်းစားလက်ခံနိုင်သော ပညာရေးကို မရရှိခြင်း၊ ယင်းပညာရေးကို လက်လှမ်းမီနိုင်သည့် လူမှုစီးပွားပတ်ဝန်းကျင် မရှိနေခြင်း။ ဒုတိယအနေနဲ့ မိသားစုကို ဘယ်လိုပုံဖော်ကြသလဲ ဆိုတာပါ။ မိသားစုအဆင့် ပြဿနာရပ်တွေက ဒီကိစ္စရပ်ရဲ့ ဇာစ်မြစ်ဖြစ်နေတာမျိုးပါ။ ထင်ရှားတဲ့ အကြောင်းရင်းတချို့အနေနဲ့ကတော့—

-   ငယ်ရွယ်တဲ့ အသက်အပိုင်းအခြားမှာ အိမ်ထောင်ပြုခြင်း။

-   မိသားစုဝင် အရေအတွက် များခြင်း။

- ပညာရေးအားနည်း၊ လူမှုစီးပွားဒုက္ခ သုက္ခ စိတ်ဖိစီးမှုများခြင်းတို့ ပါဝင်နေပါတယ်။

တတိယအနေနဲ့ကတော့ ကာယကံရှင် အမျိုးသား၊ အမျိုးသမီး တယောက်ချင်းစီရဲ့ ခံယူချက်၊ အပြုအမူနဲ့ သက်ဆိုင်ပါတယ်။ ဘယ်လို အကြောင်းရင်းခံတွေနဲ့ အိမ်တွင်းအကြမ်းဖက်မှုကို လူတဦးချင်းအဆင့်မှာခံယူ၊ ကျင့်သုံးသလဲ ဆိုတာကို လေ့လာကြည့်ဖို့ ဖြစ်ပါတယ်။ သုတေသနတွေရဲ့ အများဆုံး တွေ့ရှိချက်တွေအနေနဲ့ကတော့—

- ကာယကံရှင်တွေက လူမှုပတ်ဝန်းကျင်က ပုံသွင်းတဲ့အတိုင်း လက်ခံလိုက်ခြင်း၊ ဒါက နံပါတ် ၁ အချက်အကုန်လုံးနဲ့ အကျုံးဝင်ပါတယ်။

- ကာယကံရှင် ၂ ယောက်အကြား ဆုံးဖြတ်ချက်ချနိုင်တဲ့ အင်အားကွာဟခြင်း။

- အကြမ်းဖက်သူဘက်က အလွယ်တကူ အကြမ်းဖက်တတ်တဲ့ ဗီဇရှိခြင်း၊ ဒေါသကြီးခြင်း၊ ရန်လိုခြင်း။

- အကြမ်းဖက်ခံရသူဘက်က မိမိအိမ်ထောင်ဖက်ကို ကြောက်ရွံ့ရင်းအခံရှိခြင်း။

- ခံရသူဘက်က ပညာရေး၊ လူမှုစီးပွားရေး အင်အားပိုနည်းခြင်း။

- အရက်၊ မူးယစ်ဆေးဝါး အလွန်အကျွံသုံးခြင်း။

- အိမ်ထောင်ရေး ဖောက်ပြန်မည်ဟု သံသယကြီးခြင်း။ (အပြုအမူအားဖြင့် မိဘဆွေမျိုးများ၊ အမျိုးသမီးသူငယ်ချင်းများထံ လည်ပတ်ခွင့်မပြုခြင်း။)

ဆက်လက်ပြီး ဇီဝနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာတွေရှိနေရင်လည်း အကြမ်းဖက်မှုကို အလွယ်တကူ ကျူးလွန်တတ်ကြပါသေးတယ်။

အပေါ်မှာ တင်ပြခဲ့တဲ့ အကြောင်းအရာတွေက လူ့အသိုက်အဝန်း အမျိုးမျိုးကို လိုက်ပြီး ပြောင်းလဲနိုင်ပါသေးတယ်။ ဥပမာ ပညာတတ်ပြီး စီးပွားရှာနိုင်တဲ့ အမျိုးသမီးလုပ်သူကို သူ့ခင်ပွန်းက ရိုက်နှက်တာမျိုးလည်း ရှိပါတယ်။ အကြောင်းရင်းခံကတော့ ကိုယ့်ထက်ပိုပြီး စွမ်းဆောင်နိုင်စွမ်း မြင့်နေတဲ့ အိမ်သူရဲ့ အရည်အချင်းကို လက်မခံနိုင်တဲ့ ဖိုဝါဒစွဲ ဗလအားကိုးတတ်တဲ့ ပုရိသများကသာ အဓိကအကြောင်းလို့ ယေဘုယျဆွေးနွေးချက်တွေက ဆိုပါတယ်။ အိမ်ထောင်ပိုင်ဆိုင်မှုအနေအထား အင်အားရှိသည့်တိုင်အောင် (ဥပမာ အမျိုးသမီး နာမည်နဲ့ မြေယာပိုင်ဆိုင်ခြင်း) အကြမ်းဖက်မှုကတော့ ဖြစ်နေတာပါပဲ။

အိမ်တွင်းအကြမ်းဖက်မှု ဘာကြောင့်ဖြစ်လဲဆိုတာကို အတိအကျပြောဖို့ ခက်ခဲပြီး များပြားလှတဲ့ အကြောင်းအရာတွေက တခုနဲ့တခု သက်ရောက်မှုတွေ ရှိနေတာကို သုတေသနတွေက အခိုင်အမာ ဆိုထားကြပါတယ်။ တချို့ တွေ့ရှိချက်တွေကတော့ စိတ်ဝင်စားဖို့ကောင်းပြီး လက်တွေ့ နယ်ပယ်မှာလည်း အလွယ်တကူ လေ့လာလို့ရနေပါတယ်။ ဥပမာ အိမ်မှုကိစ္စ သန့်ရှင်းရေး ချက်ပြုတ်တဲ့ ကိစ္စတွေကို တာဝန်ခွဲဝေတတ်တဲ့ အိမ်ထောင်ဖက်တွေမှာ အိမ်တွင်းအကြမ်းဖက်မှု နည်းတယ် ဆိုတာမျိုးပါ၊  နိုင်ငံအလိုက်၊ မတူညီတဲ့ ယဥ်ကျေးမှုဓလေ့နဲ့ လူမှုကျင့်ဝတ်တွေအလိုက် ဒီအကြမ်းဖက်မှုရဲ့ အကြောင်းရင်းခံတွေက ကွဲပြားနေကြပါတယ်။

ခု ရေးသားဖော်ပြခဲ့တဲ့ အကြောင်းချက်တွေဟာ နိုင်ငံအတော်များများမှာလုပ်တဲ့ သုတေသနတွေကို အခြေခံပါတယ်။ လက်ရှိသုတေသနတွေရဲ့ အဆိုအရ အာရှနဲ့ လူမှုအဆောက်အအုံ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေမှာ အိမ်တွင်းအကြမ်းဖက်မှုကို ပိုတွေ့ရတတ်ပါတယ်။ အပေါ်က အချက်တွေအကုန် တိုက်ဆိုင်နေတဲ့အပြင် ခံရသူဘက်ကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေ ရှိမနေခြင်း၊ လက်တွေ့ မကျင့်သုံးနေခြင်းတွေကြောင့်လို့ ယူဆရပါတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာလည်း အမျိုးသမီးအပေါ် နှိမ့်ချတဲ့ အတွေးအခေါ် ခံယူချက် လွှမ်းမိုးတာမို့ ဒီလိုဖြစ်ရပ်တွေက များနေပြန်ပါတယ်။ 

နောက်တခုက victim blaming လို့ခေါ်တဲ့ ကျူးလွန်ခံရသူကို ပိုဝေဖန်တတ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အနောက်တိုင်းက နိုင်ငံတွေမှာ ပိုများတယ်လို့ သုတေသန တခုက တွေ့ထားပြန်ပါတယ်။ ဒါလည်း ဆက်စပ်စဥ်းစားစရာ အချက်တခု ဖြစ်နေပြန်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုကို ဘယ်လို ကာကွယ်ကြမလဲ

ဖြစ်နိုင်စရာ အခြေအနေတွေကို သုံးသပ်ပြီး ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို လက်တွေ့လုပ်ကြဖို့ လိုပါတယ်။ တဦးချင်းအဆင့်မှာဆို အကြမ်းဖက်တာကို နိစ္စဓူဝ ခပ်လွယ်လွယ် အသုံးပြုတတ်တဲ့ မိသားစုထဲက သူကို အိမ်ထောင်ဖက်အဖြစ် ရွေးမယ်ဆို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အင်အားကို အနိမ့်ဆုံးအဆင့် အနေနဲ့ အိမ်အသုံးစရိတ်နဲ့ ပတ်သက်တာ၊ ကျန်းမာရေးကိစ္စရပ်တွေနဲ့ပတ်သက်တာ၊ ဘယ်သူ့ဆီ အလည်အပတ်သွားမယ် ဆိုတာလောက်မှာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ လုပ်နိုင်တဲ့အင်အားရှိဖို့ လိုအပ်ပါတယ်။ သတင်းမီဒီယာအချက်အလက်ကို ထိုက်သင့်သလောက် အသုံးချလို့ရနေတာက အိမ်တွင်းအကြမ်းဖက်မှုကို ကာကွယ်ပေးတယ်လို့ သုတေသနတချို့က ဆိုပြန်ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ ကျူးလွန်ခံရသူတွေဟာ ပညာရေးနဲ့ ဓနအင်အားနည်းတာအပြင် ပတ်ဝန်းကျင်ရဲ့ အကာအကွယ်၊ ဥပဒေရဲ့ အကာအကွယ်ကိုလည်း မရကြတာမို့ ဒီ ဒုက္ခဆိုးကြီးကို ကာလအကြာကြီး ခံစားနေကြရတာပါပဲ။ လူမှုပတ်ဝန်းကျင်က သာမန်ဖြစ်နေကျကိစ္စတရပ်လို လက်ခံထားတတ်ကြတယ်ဆိုရင် ကျူးလွန်ခံရသူက လွတ်မြောက်စရာနည်းလမ်း သိပ်အများကြီး မရှိတော့ပါဘူး။

ဒါက public disease ပါ။ အများပြည်သူနဲ့ဆိုင်တဲ့ရောဂါလို့ ဆိုရမှာပေါ့။ ကျမတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း “အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ” “သူများလင်မယားကြားဝင်မပါနဲ့၊ အချိန်တန်ပြန်တည့်သွားမှာ”ဆိုတဲ့ စကားတွေရှိနေတာက လက်ရှိရဲ့ အရှိတရားပါပဲ။ ဒါမျိုးတွေကို ပြန်လည်ဆင်ခြင်ပြီး၊ အသိပညာနဲ့ ခံယူချက်တွေ ပြောင်းပြီး အကြမ်းဖက်တဲ့ အပြုအမူကို ဆန့်ကျင်ကြဖို့လိုပါတယ်။ တယောက်ချင်းအဆင့်မှာတင်မကဘဲ လူမှုပတ်ဝန်းကျင်မှာပါပြောင်းလဲလာအောင် အကြမ်းမဖက်တဲ့အပြုအမူကိုပဲအားပေးဖို့၊ လူချင်းချင်း လေးစားတတ်ဖို့၊ စဥ်းစားတွေးခေါ်တတ်တဲ့ပညာရေးကို အားပေးဖို့၊ ဝေဖန်ဆန်းစစ်တတ်တဲ့ အသိညဏ်ပညာနဲ့အတူ သတင်းမီဒီယာကို လက်လှမ်းမီအောင်လုပ်ကြဖို့၊ ကိုယ်ကြုံရတဲ့ မကောင်းတဲ့ အတွေ့အကြုံကို မှန်မှန်ကန်ကန်သုံးသပ်ပြီး လက်ဆင့်မကမ်းကြဖို့၊ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဆန်းစစ်ကြဖို့၊ လူတိုင်းအသက်မွေးဝမ်းကျောင်းနိုင်တဲ့ လူမှုစီးပွားဝန်းကျင်တွေဖြစ်လာအောင်ဝိုင်းဝန်းလုပ်ဆောင်ကြဖို့လည်း လိုအပ်နေပါတယ်။ ဒါမှပဲ အကျည်းတန်တဲ့ ဖြစ်ရပ်တွေ၊ မှားယွင်းစွာလက်ခံမိနေတဲ့ လူမှုစံ၊ တန်ဖိုးတွေကနေ လွတ်မြောက်ကြမှာပါ။

ဒေါက်တာမိုး (ဆေး-၂၊ စိတ်ပညာအထူးပြုလေ့လာသူ)

Ref:

Tittlová, Marcela & Papáček, Peter. (2018). Factors Contributing to Domestic Violence. International Journal of Entrepreneurial Knowledge. 6. 117-124. 10.2478/ijek-2018-0019.

Lili Wang,Factors influencing attitude toward intimate partner violence,

Aggression and Violent Behavior, Volume 29, 2016, Pages 72-78,

ISSN 1359-1789, https://doi.org/10.1016/j.avb.2016.06.005.

Hussein Mohammad Alothman, Abdel Rahman Ahmed AbdelRahman, Semiyu Adejare Aderibigbe, Muhamed Ali, Risk factors associated with intimate partner violence (IPV) against Jordanian married women: A social ecological perspective,

Heliyon, Volume 10, Issue 10, 2024, e30364, ISSN 2405-8440,

https://doi.org/10.1016/j.heliyon.2024.e30364.

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013