Home
ဆောင်းပါး
ကျူရိုးနဲ့ တည်ထားတဲ့ ရဲတိုက်တွေထဲက ငရဲငယ်လေးများအကြောင်း
DVB
·
May 26, 2025

အိမ်တွင်းအကြမ်းဖက်မှုဆိုတာ တနာရီ တရက် တလ တနှစ်နဲ့ ပြီးသွားတဲ့ အကြမ်းဖက်မှုမျိုး မဟုတ်ပါဘူး။ တကြိမ်တလေမှာ တစုံတရာသော အကြောင်းကြောင့် အကြမ်းဖက်ခံရသူက လွတ်မြောက်သွားနိုင်သလို တကြိမ်မှ မလွတ်မြောက်လိုက်ဘဲ သေတပန် သက်တဆုံး ဝဋ်ကြွေးတခုလို အံကြိတ်ခံသွားရတာမျိုးတွေ ရှိတတ်ပါတယ်။ အမျိုးသမီးတွေ ဖြစ်နိုင်သလို အမျိုးသားတွေလည်း အိမ်တွင်းအကြမ်းဖက်ခံရနိုင်ပါတယ်။ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ဆိုတာကတော့ အိမ်တွင်းအကြမ်းဖက်မှု သားကောင်တွေအဖြစ် ညွှန်ပြစရာ မလိုလောက်တဲ့ထိပါပဲ။ ခေတ်အဆက်ဆက်က မရိုးနိုင်တဲ့ ဇာတ်လမ်းတွေထဲက အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ထင်ရှားတဲ့  အဖြစ်အပျက်တွေပါပဲ။

တကယ်ဆိုရင် အိမ်ဆိုတာက အလုံခြုံဆုံးနဲ့ စိတ်အချရဆုံးနေရာ ဖြစ်ကို ဖြစ်နေရမှာပါ။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ အိမ်ဆိုတာ တချို့သောသူတွေအတွက် လူမသိ သူမသိ အကြမ်းဖက်ခံရတဲ့နေရာ ဖြစ်နေတတ်ပြီး အကြမ်းဖက်ခံရတဲ့ သားကောင်ဟာ တပါးသူများစွာရဲ့ အားကျရလောက်တဲ့ ပုံစံမျိုး ဖြစ်နေတတ်ပါသေးတယ်။ တကယ်တမ်းတော့ အဲဒီ အားကျစရာလို့ ထင်ရတဲ့ အချက်ကြောင့်ပဲ သူဟာ အကြမ်းဖက်ခံရတဲ့ သားကောင်အဖြစ် လူတွေလက်ခံဖို့ မလွယ်ကူတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီ အားကျစရာအချက်က အကြမ်းဖက်သူကို ဖြည့်တွေး ကာကွယ်ပေးတဲ့အချက်မျိုး ဖြစ်တတ်တာမို့ လူတွေက အကြမ်းဖက်မှု ဖြစ်ပွားနေတယ် ဆိုတာကို သိဖို့မလွယ်နိုင်ဘူး ဖြစ်ရပါတယ်။

အကြမ်းဖက်မှု အမျိုးမျိုးမှာ ကိုယ်စိတ်နှစ်ပါးလုံးကို ထိပါးညှဥ်းဆဲတာမျိုး ဖြစ်လေ့ရှိတယ်။ မြင်ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဒဏ်ရာဒဏ်ချက် အညိုအမဲစွဲတဲ့ထိ နှိပ်စက်ညှဥ်းပန်းခံရနိုင်သလို မမြင်ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ပြင်းပြင်းထန်ထန် ထိခိုက်နေနိုင်ပါတယ်။ တချို့က ဘာဒဏ်ရာမှ ရှိမနေဘဲ အကြမ်းဖက်ခံရတယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ပိုပြီး ခန့်မှန်းရခက်တတ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံနေရင်တောင် အကြမ်းဖက်ခံနေရတယ် ဆိုတာကို သတိမထားမိ ဖြစ်တတ်ပါတယ်။

သေချာတာကတော့ အိမ်တွင်းအကြမ်းဖက်မှု ဆိုတာက နာရီပိုင်း ရက်ပိုင်း လပိုင်းနဲ့ ပြီးဆုံးသွားတာမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ အထူးသဖြင့် အဘိုး ဖခင် ဘကြီး ဘထွေး ဦးလေး အစ်ကို မောင်တွေဟာ သမီးမိန်းကလေး အမ ညီမ တူမတွေအတွက် လုံခြုံတဲ့တံတိုင်း၊ ခိုင်ခန့်တဲ့ ရဲတိုက်သဖွယ် အေးချမ်းတဲ့အရိပ် ဖြစ်တယ်ဆိုတဲ့ ပုံသေကားကျ အယူအဆဟာ အိမ်တွင်းအကြမ်းဖက်မှုမှာတော့ ပြောင်းပြန်အချိုးကျတတ်ပါတယ်။ အဲဒီလိုပဲ အဘွား မိခင် အမ ညီမ အဒေါ် ဒွေးလေးတွေကလည်း မြေး သား မောင် တူ တွေအတွက် အေးမြတဲ့ အရိပ်မေတ္တာ အပေးနိုင်ဆုံးသူတွေလို့ပဲ သိထားကြပြီး အကြမ်းဖက်မှုကျူးလွန်သူအဖြစ် လက်ခံဖို့ မလွယ်ကူတဲ့ အချက်တွေလည်း ဖြစ်နေပါတယ်။

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာဆို ဆုံးမတယ် ဆိုတဲ့ စကားစုရဲ့ အကာအကွယ်နဲ့ အိမ်တွင်းအကြမ်းဖက်မှုကို စိတ်ရှိသလောက် ကျူးလွန်လို့ ရနိုင်ပါတယ်။ စေတနာမှားဆိုတဲ့ စကားစုဟာလည်း ကျူးလွန်သူရဲ့ပြစ်မှုကို ဖော့ပေးနိုင်ပါသေးတယ်။ ချစ်လွန်းလို့ အချစ်လွန်လို့ ဆိုတဲ့ စကားစုတွေကလည်း ကျူးလွန်သူရဲ့ မေတ္တာကို အလေးပေးပြီး ပြစ်မှုကို သာမန်ဖြစ်စဥ်တွေလို သဘောထားပစ်တတ်ကြပါတယ်။ လင်မယားကြား  ဝင်မပါနဲ့.... သူတို့ အဆင်ပြေသွားရင် ကိုယ်က လူဆိုး လူယုတ်မာ ဖြစ်တတ်တယ်။ ဆိုတာကလည်း မှန်သင့်သလောက် မှန်ပါတယ်။ သွားမပြောနဲ့ သူ့အစ်ကိုက အရမ်းကြမ်းတာ။ သူ့ညီမကို အသေရိုက်သတ်နေဦးမယ်။ ဆိုတာမျိုး။ ဒီကလေး တွေ့ပေ့စေဦး၊ မှတ်လောက်သားလောက်အောင် ရိုက်ပစ်မယ် ဆိုတာတွေက ပြစ်မှုကြီးတဲ့ တကြိမ်အတွက်တောင် မကောင်းဘူးဆိုတာ သတိထားရမှာပါ။ ရိုက်ခံရတဲ့ ကလေးက ဘယ်လောက်အားနဲ့ရိုက်ရင် ဘယ်လောက် နာမယ်၊ ဘယ်ချိန်မှာ သက်သာမယ်ဆိုတာ တွက်ချက်တတ်သွားပြီး တုတ်နဲ့ ရိုက်နှက်တာ၊ လက်သီးနဲ့ ထိုးကြိတ်တာတွေနဲ့ ယဥ်ပါးသွားပြီး လုပ်ချင်ရာ လုပ်သွားတတ်ကြတယ်။

ကလေးကို ရိုက်နှက်အပြစ်ပေးတဲ့အချိန် ရွယ်တူ ဒါမှမဟုတ် ပိုငယ်တဲ့ကလေးတွေကို လာကြည့်စေပြီး သားသမီးကို အရှက်ခွဲတတ်ကြပါတယ်။ ငယ်ငယ်က ဘေးအိမ်က အစ်ကိုကြီးကို သူ့အမေရိုက်ရင်း လာကြည့်ကြဟေ့ ကလေးတွေ ဒီမှာ နင်တို့ကိုကို ဘယ်လိုအရိုက်ခံနေရတယ် ဆိုတာလို့ အဒေါ်ကြီးက အော်လို့ ​ဆော့နေကြတဲ့ ကလေးတသိုက်က သွားကြည့်ကြတာပေါ့။ ကိုယ်လုံးတီး ချွတ်ရိုက်နေတာ။ ကလေးတွေလာကြည့်တော့ ဒူးကိုပိုက်ထားပြီး ထိုင်နေရင်း သူ့အမေအလစ်မှာ ကလေးတွေကို လက်သီးနဲ့ ရွယ်ပြတယ်။ ကလေးတွေကလည်း သူတို့ရဲ့ နီးရာဓားက လက်သီးနဲ့ရွယ်တဲ့ ကိုကို မဟုတ်လား။ အဲဒီကိုကိုက အသက် ၁၀ နှစ်ကျော် ငါးတန်းကျောင်းသား။ ကလေးတွေက ငါးနှစ်နဲ့ ခုနစ်နှစ်ကြား ကလေးတွေ။

ဟိုး နှစ်အစိတ်လောက်တုန်းက အိမ်ဘေးက ဦးလေးကြီးတယောက်ကျတော့ ဝတ်ဖြူစင်ကြယ်ကြီး ဝတ်လို့ မနက် နေ့လယ် ညနေ ၃ ကြိမ်မပျက် ဝတ်တက်လေ့ရှိတယ်။ ပုတီးလည်းစိပ်တယ်ပေါ့။ ထူးခြားတာက ကြေးစည်ထုပြီးတာနဲ့ သူ့မိန်းမနဲ့ ကလေးတွေကို ဆက်ထုတာပါပဲ။ တွေ့ရာနဲ့ရိုက်တယ်။ နားပန်ရိုက်တယ်။ ဆောင့်ကန်တယ်။ တကြိမ်တလေမဟုတ်ဘူး။ နေ့စဥ်ရက်ဆက်။ တရက် ၃ ကြိမ်ဆိုတာ ဘေးလူအတွက်တောင် ငရဲပဲ။ ဘုရားဝတ်တက် ပုတီးစိပ် ကြေးစည်ထု။ သူ့မိန်းမနဲ့ ကလေးတွေကို ဆက်ထု။ ပြီးတာနဲ့ ချိုမြိန်အေးချမ်းတဲ့ သူ့အပြုံးလေးကို ပန်ဆင်ပြီး ရုံးဆက်သွားလေ့ရှိတော့ လူတွေက သူ့ရဲ့ ဘုရားဝတ်တက် ကြေးစည်သံလွင်လွင် ကြားပြီး ၁၅ မိနစ်လောက်ဆိုရင် ကြည်လင်တဲ့ အပြုံးမျက်နှာကိုပဲ တွေ့ကြတယ်။ နောက်ကွယ်က ငိုသံမကြားရအောင် တဖုန်းဖုန်းနဲ့ ထုရိုက်တတ်တာကို မသိကြဘူး။ မိန်းမနဲ့ ကလေးတွေကလည်း အရိုက်ခံရတာတောင် ရှိုးရာမမြင်ရအောင် သနပ်ခါးလေးလူး အင်္ကျီလက်ရှည်တွေ ဝတ်လာတဲ့သူကို ပြုံးပြုံးလေးကြို ဆိုတော့ ဘယ်သူမှကို မသိသလောက်ဘဲ။ သိတဲ့ဘေးလူကျတော့လည်း လင်မယားကြား မဝင်ချင်ကြတာရော ဝင်ရင် ပိုပြီးနှိပ်စက်မှာ စိုးတာက တကြောင်းနဲ့ အကြီးဆုံးကောင်ကလေးကမှ ၁၀ နှစ်ကျော်လေး၊ နှစ်နှစ်ခြားမွေးထားတဲ့ အငယ်မိန်းကလေး ၃ ယောက်။ ခုခံဖို့ဝေးစွ။ ခွန်းတုံ့တောင် မပြန်တတ်သေးတဲ့အရွယ်။ မြင်းမိုရ်တောင်ဆိုတာ ဒါလားလို့တောင် မေးတတ်တဲ့အချိန်မှာ မေးချင်စိတ် ပေါက်နေမလားပဲ။ မသိတဲ့သူဆို ဒီလောက်သဘောကောင်းတဲ့သူက ရိုက်တယ်ဆိုရင်တောင် မိန်းမအလွန်ပဲဖြစ်မှာလို့ တွေးကြမှာပဲ။ အမျိုးသမီးနဲ့ ကလေးတွေအတွက်က သူတို့ကို မနက်နဲ့ နေ့လယ် ရိုက်နှက်ထွက်သွားချိန်က နိဗ္ဗာန်လို့ ထင်ကောင်းထင်နေမှာပေါ့။ ဒါပေမဲ့ ထွက်မသွားတဲ့ ညအချိန် ဘယ်လောက်တောင် ချောက်ချားရှာကြမလဲဘဲ။ အေးချမ်းမှုမပေးနိုင်တဲ့ ဖခင်ဟာ သူတို့အတွက်တော့ ငရဲမင်းပါပဲ။

ဟော... သိပ်ချစ်ကြတဲ့ မိသားစုဆိုပြီး သားသမီး ၂ ယောက်နဲ့ လှလှပပ နေတတ်၊ ပြင်ပြင်ဆင်ဆင်လည်းရှိ၊ သပ်သပ်ရပ်ရပ် ချိုချိုသာသာ ပြောဆိုတတ်တဲ့ ဇနီးချောနဲ့ သွက်သွက်လက်လက် ကလေးနှစ်ယောက်။ လုံးဝ ပျော်ရွှင်တဲ့ မိသားစုပေါ့။ ဒါပေမဲ့ တရက်ကျ ဝေသာလီပြည် ဘီလူးစီးသလို ကမ္ဘာပျက်လုငိုသံနဲ့  ၆ နှစ်ပတ်ခြာသမီးလေးက အကြောက်လွန်ပြီး ရှူရှူးပေါက်ပါရစေဆိုပြီး ပြောပြောပြေးပြေး အိမ်နောက်ဘက်ရောက်လာပြီး ထိုင်ချလိုက်တာကို အဖေဖြစ်သူက နောက်ကနေ တုတ်နဲ့ ဖင်ပြောင်ကလေးကို အားနဲ့ရိုက်ချတာ ကလေးက ချေးကို ထွက်ကျရော။ အမေဖြစ်သူက လာဆွဲတယ်။ အိမ်ပေါ် ထပ်ရောက်သွားကြတယ်။ ခဏကြာတော့ ကလေး ၂ ယောက်ရဲ့ ကြောက်လန့်တကြား အော်ငိုသံက စူးစူးရှရှ ထွက်လာတယ်။ နီးရာလူကြီးတွေ မနေသာလို့ ပြေးကြည့်တော့ မိန်းမကို အိမ်ပေါ်ထပ်လှေကားကနေ ပစ်ချတာ ပျော့ခွေလို့။ ဖခင်ရဲ့ မေတ္တာက ပြောင်းလဲတတ်ပါသလား။ သူ့သိက္ခာထက် ဘာမှ ပိုအရေးမကြီးတဲ့ ဖခင်မျိုးနဲ့ ကြုံရတဲ့ သားသမီးတွေဟာ ဖခင် စိတ်တိုင်းကျနေထိုင်ဖို့ သတိကြီးကြီးထားနေရပြီး အတိမ်းအစောင်းမခံတဲ့ ဖခင်ရဲ့ အမျက်ဒေါသနဲ့ ဖွဲ့တည်ထားတဲ့ မျက်မြင်မရ လောကငရဲထဲ သက်ဆင်းနေရတယ် ဆိုတာကို ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ချင်စရာ ဖြစ်ပါတယ်။

အစ်မကို ကြောက်ပြီလားလို့ မေးမေးပြီး ထိုးကြိတ်တတ်တဲ့ မောင်လေးတွေ။ သူများသားသမီးကို ယူရင် အဲလို ထိုးကြိတ်တဲ့အကျင့်နဲ့ဆိုတော့ အစ်မသာ ခံမယ်လေ။ သူစိမ်းက ထားခဲ့လို့ရတယ်။ စွန့်ပစ်တာ ခံရတာပါပဲ။ ငယ်ငယ်က ကိုယ့်ကို နေပူမထိ အဆာမခံ အနိုင်ကျင့်မခံစေရအောင် ကာကွယ်ပေးတဲ့ အစ်မ လေကွယ်။

လူချော လူခန့် အစ်ကိုရဲ့ ညီမလေးနဲ့ သူ့ဇနီးသည်ကျတော့ကော။ အစ်ကို ဆိုတာ ညီမလေးတွေကို ချီပိုး အတူသွား အကာအကွယ်ပေးနေတဲ့သူ မဟုတ်လား။ အစ်ကိုရှိတဲ့ ညီမလေးကို အစ်ကိုမရှိတဲ့  ညီမလေးတွေ အားကျတတ်တယ်။ အထူးသဖြင့် အစ်ကိုချောချောလေးတွေရဲ့ ညီမလေးဆိုတာ သိပ်မျက်နှာပွင့်သလို ကာလသားတွေ မကပ်သီရဲလို့ အဝေးက ငေးခံရတဲ့ အမြင့်ပန်းလေးတွေအဖြစ် ပုံဖော်တတ်ကြတယ်။ ဒါပေမဲ့ သရဲသဘက်မျက်နှာကို မင်းသားခေါင်း ဆောင်းပေးထားသလို အစ်ကိုတွေရဲ့ ညီမလေး ဖြစ်ရရင်တော့ နိစ္စဓူဝ ဘုရားတရင်း ခြေလှမ်းမမှားဖို့ အဖေ အမေ ကူနိုင်ကယ်နိုင်မယ့် နေရာမှာ ရစ်ကပ်သီနေပေတော့ပဲ။ အဖေ အမေက ညအိပ် အလုပ်အကိုင်မျိုး ဥပမာ လယ်စိုက် တောင်သူ၊ ခြံသမား ကားသမားလို အဖေ မိဘမျိုးဆိုရင် သမီးကလေး ညီမလေးရဲ့ ဘဝဟာ အစ်ကိုရဲ့ စိတ်ကြည်လင်မှုအပေါ်မှာ တည်မှီရှင်သန်ပေတော့ပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာတော့ ရည်မွန်ပြီး ကူညီစာနာတတ်သူ ဖြစ်နေပြန်တော့ အိမ်တွင်းအကြမ်းဖက်တတ်တဲ့ အစ်ကိုလို့ ဘယ်သူထင်တော့မလဲ။ ကူညီတတ်တာကိုး။ ဖော်ရွေတတ်တာကိုး။ သူ့ညီမလေးတွေကလွဲရင် လူတိုင်းကို ချိုချိုသာသာ ပြောဆို ဆက်ဆံတတ်တာကိုး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာ ရယ်မောတာ ဝတ်စားဆင်ယင်တာက အစ အကုန် မျက်စိဒေါက်ထောက်ကြည့်။ ထောက်လှမ်းရေးတွေထားနဲ့ ညီမလေးတွေ ခြေလှမ်းမှားတာနဲ့ ရိုက်နှက် ထိုးကြိတ် အပြစ်ပေးလေ့ ရှိတတ်ပေမဲ့ ကိုယ်တိုင်ကျတော့ ဘာစံနမူနာယူစရာလေးတခုမှ မရှိသူတွေ ဖြစ်နေပြန်သေးတယ်။ သူ့ညီမလေး ချစ်သူရည်းစားထားမှာသာ ကြောက်တာ။ သူကျ ရည်းစားပေါင်းများစွာ အပြင် မိန်းကလေး တရုန်းရုန်းနဲ့ပေါ့။ ပြောပါလိမ့်မယ်။ ငါက ယောက်ျားလေး။ ဘာမှမဖြစ်ဘူးဆိုပြီး ကိုယ့်ညီမလေးနဲ့ ရွယ်တူ မိန်းကလေးတွေကိုကျ နှမချင်းစာနာဖို့မရှိသူ။ သူသာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမခေါ်ချင်ခေါ်လာမယ်။ ညီမလေး ခြေလှမ်းပျက်ဖို့တော့ မစဥ်းစားနဲ့ဆိုတဲ့ တဖက်ပိတ် တဇောက်ကန်း အစ်ကိုတွေပေါ့။

အစ်ကို ခန့်ခန့်ချောချောတယောက်မက ပိုင်ထားတဲ့ ညီမလေးရဲ့ အိမ်တွင်းအကြမ်းဖက်ခံရတာဆိုရင် နားထောင်ရတဲ့သူတောင် ရင်နင့်မှာပဲ။

အသက် ၅၀ ကျော် အမျိုးသမီးတယောက်ရဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာ ကျူးလွန်သူက အစ်ကိုဖြစ်နေသေးတယ်။

“အားကုန်ထည့်ရိုက်တယ်။ လက်သီးနဲ့ထိုးတယ်။ နားအုံကိုရိုက်တယ်။ ခြေထောက်နဲ့ ဆောင့်ကန်တယ်။ အားမရသေးလို့ အခန်းထဲဆွဲထည့် ကန့်လန့်ထိုးပြီး အသံမထွက်နိုင်လောက်တဲ့ထိ ရိုက်နှက် ထိုးကြိတ်တာ သူခြေကုန်လက်ပန်းကျ မောသွားမှ ရပ်တယ်။ ဒေါသတကြီး အော်ငေါက်ပြောဆိုနေတဲ့ နှုတ်ခမ်းတလှုပ်လှုပ်ကို မြင်ပေမဲ့ ဘာပြောနေသလဲ သဲသဲကွဲကွဲ မသိတော့။ ငှက်ကလေးတွေ ဆူညံနေတဲ့ စိုးစိုးစီစီ အသံတွေလိုလိုပဲ ကြားတော့တယ်။ အရှိန်ပြင်းပြင်းကျလာတဲ့ ထိုးချက် ကန်ချက် ရိုက်ချက်တွေအပေါ် ခုခံဖို့မပြောနဲ့ ငြင်းဆန်ဖို့တောင် အသံမထွက်နိုင်တော့ဘူး။ အသက်  ၅၀ ကျော်သွားတဲ့ထိ အဲနေ့က အစ်ကိုကြီးရဲ့ ရိုက်နှက်နှိပ်စက်တဲ့ ဒဏ်တွေကို မမေ့သေးဘူး” လို့ သူက ဆိုပါတယ်။ “အမေက ညီမတယောက်ပဲရှိတာ အရှက်ကွဲတော့မယ် ထင်တယ်။ ရိုက်သတ်ပစ်လိုက်လို့ ပြောပြီး ထွက်သွားတယ်။ အဖေကတော့ သိမယ်တော့ထင်ပါတယ်။ ပြောတော့မပြရဲဘူးပေါ့။ အဲလို သူရိုက်နှက် မောပြီး ထွက်သွားချိန် အိမ်နီးချင်း အမတယောက်က အဝတ်အစားတွေ လာဝတ်ပေးပြီး အခန်းအပြင်ကို ထုတ်ပေးတယ်။ ကျမနဲ့ လက်မှတ်ခိုးထိုးထားပါတယ်ဆိုတဲ့ သူငယ်ချင်းက ငါ့ကြောင့် နင် ဒီလောက်နှိပ်စက်ခံရတာ ဆိုပြီး ခေါ်သွားတယ်။ အစ်ကိုကြီးပြန်လာလို့ ထပ်ရိုက်ရင် သေဖို့ပဲရှိတော့တယ်လေ။ ပထမတကြိမ်ကလည်း သူ့မိန်းမ လင်ငယ်နေတာသိရက် မပြောပြဘူးဆိုပြီး အသေရိုက်တာ။ အဲတုန်းကတော့ အစ်ကိုလတ်က ထင်သာမြင်သာနေရာ မျက်နှာတွေမှာ အရာမထင်စေနဲ့လို့ သတိပေးလို့ မျက်နှာ ခြေ လက် မြင်သာတဲ့​နေရာတွေမှာတော့ ရဲစခန်းမှာ သက်သေထွက်ဆိုရမှာမို့ ဒဏ်ရာမရခဲ့ဘူး။ အတူနေတာမဟုတ်ဘူး။ ရွာကလူက မြို့ပေါ်ရပ်ကွက်က ယောင်းမရဲ့ အခြေအနေကို ဘယ်သိနိုင်ပါ့မလဲ။ သူသင်သလို မပြောမှာစိုးလို့ ခြိမ်းခြောက် ရိုက်နှက်ထားရက် အမှန်အတိုင်း မသိတာကို မသိဘူးဖြေမိတော့ သူဆင်ထားသလို အမှုက သူ့ကို မလျှော့ပေါ့စေခဲ့ဘူး။ မိန်းမကိုလည်း ဖူးရောင်ပေါက်ပြဲ ဒဏ်ရာကြီးငယ်ရစေလို့ အစ်ကိုကြီးလည်း သတိပေးခံရတယ်။ လေ့ကျင့်နေကျ သဲအိတ်ကို ထိုးသလို စိတ်မထင်ရင် မထင်သလို ထိုးနေကျ သူ့အမျိုးသမီးက မခံရပ်နိုင်တော့လို့ ရဲတိုင်လိုက်တာဆိုတော့လေ။ ကျမကတော့ ၂ ခါ နှိပ်စက်ခံရပြီး လင်တယောက် အဖတ်တင်သွားတယ်။ အမေ့ကိုလည်း စိတ်နာတယ်။ ရိုက်သတ်ပစ်လို့ကို ပြောပြီး ထားပစ်ခဲ့တာ။ ပထမတခါကတော့ အစ်ကိုလတ်။ မကယ်တဲ့အပြင် ကိုယ်မသိတဲ့ အဖြစ်အပျက်တခုအတွက် ရိုက်နှက်ခံရမှာမှန်းသိသိ အားပေးအားမြှောက်လုပ်ခဲ့တာ။ လင်ရလည်း အတော်ကံကောင်းတယ်။ ၁၀ တန်းအာင်ထားတဲ့ ဖိုးသမားလင် ဖြစ်နေတယ်။ ကလေးအူတာရဲလေးဘဝမှာ ကျမ ခန္ဓာကိုယ်ပေါ် ဘိန်းဖြူတွေထည့် သယ်ပြီး သင်္ဘောနဲ့တက်သွားပြီး ရွှေမှော်မှာ သွားရောင်းတာ။ အရင်းအနှီးရဖို့လို့ ပြောပေမြ့ ကတိမတည်ဘူး။ အိမ်ခွဲနေနိုင်ဖို့ ဆိုတော့ ဒီတခါ တကယ် နောက်ဆုံးနော် ဆိုပြီး ပြန်လိုက်တော့ သူသုံးတဲ့အကျန်နဲ့ သင်္ဘောဆိပ်မှာ ဖမ်းမိတာပဲ။  စစ်ဆေးနေချိန် တနှစ်ကျော် သူထောင်ထဲကျနေတဲ့အချိန် လိုက်တာဆိုတာ ရဲစခန်းက ဖမ်းမိဘိန်းတွေ ဖြုန်းပေးနိုင်တဲ့အဆင့်ထိ ရောက်သွားတာ။ နောက်တပတ် လွတ်မယ်ဆိုမှ သူ့အမေက ထောင်ဖောက်ပြေးဖို့ ကူညီလိုက်တာမို့ ထွက်ပြေးပြီး မလွတ်နိုင်တော့ဘူးလေ။ အဲဒီမှာ  စိတ်ပျက် စိတ်ကုန်သွားပြီး အမေအိမ်ပြန်သွားခဲ့တာ။” သူ အတိတ်ကို လှမ်းကြည့်ရင်း ပြောပြတယ်။

အိမ်တွင်းအကြမ်းဖက်မှု နောက်ဆက်တွဲ ဆိုးပြစ်တွေ။ ဟော အမကြီးက ပေးစားလို့ တကောင်ကြွက်နဲ့ အိမ်ထောင်ပြန်ကျပါရဲ့။ အသက်ကြီးလာတဲ့ အဖေအမေကို ပြန်ကြည့် အိမ်ခြံဝင်းတွေက မိဘပြုစုတဲ့သူယူ။ အစ်ကိုကြီးက အဲဒါတွေ မမက်ဘူးဆိုပြီး မိဘနှစ်ပါးလုံး ကွယ်လွန်တာနဲ့ အိမ်ဝိုင်းတော့ အမေက သားကြီးယူဆိုပြီး အပ်ခဲ့တယ်။ ညီမလေးကိုတော့ နားကပ်တရံ ပေးပြီးပြီတဲ့ ဆိုပြီး အကုန်မောင်ပိုင်စီးပစ်တာ။ တောရွာလေးကနေ အိုးအိမ်ပစ်ထားခဲ့ပြီး အသက် ၅၀ ကျော်မှ အိမ်ရာမဲ့လို ဘဝကို အစကပြန်စဖို့ ညီမလေးက အိမ်ရဲ့အဝေးကို ထွက်ခွာသွားရပြန်ပြီ။ ကိုကိုကြီးက မောင်းမချပါဘူး ဆိုပေမဲ့ နေလို့မရအောင် အမြဲစိတ်ဒုက္ခပေးနေတော့ ညီမလေးလည်း စိတ်ကုန် နာကြည်းသွားပြီလေ။ အိမ်တွင်းအကြမ်းဖက်မှုကို အစ်ကိုကြီး ဘယ်ကတတ်တာလဲ။ အမေခွင့်ပြုချက် နောင်ကြဥ်အောင် စိမ့်စွဲနေအောင် ဆုံးမ အပြစ်ပေးရမယ်ဆိုတဲ့ တလွဲသီအိုရီကြီးကြောင့်ပေါ့။ နောက်ဆုံး ကိုယ်က အာဏာရှင်ဆန်သွားတဲ့အပြင် မတရားအနိုင်ကျင့်တတ်တဲ့ လူယုတ်မာအဖြစ် ပြောင်းသွားတာတောင် ကိုယ်တိုင်မသိနိုင်လောက်တဲ့ထိပါပဲ။ ရုပ်ချော အပြောကောင်းတဲ့ အစ်ကိုကတော့ မိန်းကလေးပေါင်းများစွာနဲ့ ပေါင်းလိုက် ခွာပြဲလိုက်နဲ့။ မွေးထားတဲ့သမီးကျတော့ အမေ့ကိုသာ နှိပ်စက်လို့ရရင်ရမယ်၊ သမီးကိုတော့ မရဘူးဆိုပြီး အမေ အဒေါ်တွေ အစား အကြွေးယူနေသလိုပဲ။ ဆိုးဆိုးဝါးဝါး အရှက်ရလောက်အောင် အဖေနဲ့အပြိုင်အော်။ အဖေကို ပစ်ထားခဲ့နဲ့။ နောက်ဆုံး အိမ်အိုတလုံးမှာ မွေးပေါက်ဖော်သားချင်း ၂ ယောက်ပဲ ရှိတော့တဲ့ ညီမလေးကို တသက်လုံး အနိုင်ကျင့် နှိပ်စက်တဲ့ အစ်ကိုတယောက်ပဲ ကျန်ခဲ့တော့တယ်။ လောကပါလတရားကပဲ အဲဒီအိမ်တွင်းအကြမ်းဖက်မှုတွေကို ဆုံးဖြတ်ပေးနိုင်တော့မယ် ထင်ပါရဲ့။ ကျူရိုးတံတိုင်းလောက်မှ မခိုင်ခံ့တဲ့ မေတ္တာတွေကြောင့် အိမ်တွင်းငရဲခံရတဲ့ ညီမလေးကတော့ ရုန်းထွက်သွားခဲ့ပြီ။ ကျန်တဲ့ မြင်းမိုရ်ကျူတံတိုင်းတွေ ဘယ်လောက်ထိ ပြိုကျနေဦးမလဲဆိုတာ အချိန်ကပဲ ဆုံးဖြတ်ပေးတော့မှာပါပဲ။

ရဲတိုက်ဆိုတာ ကျောက်တွေနဲ့ အခိုင်အခန့် ဆောက်ထားတာမျိုးပေမဲ့ တချို့ရဲတိုက်တွေက ကျူရိုးနဲ့ပဲ တည်ခဲ့ကြတာကိုး။

မေထားနီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024