
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာနဲ့ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတို့ကို မတ် ၂၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာကို ဂျက်ဖိုက်တာနဲ့ တစင်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး သဲခုံကျေးရွာကို ဂျက်ဖိုက်တာတစင်းနဲ့ တကြမ်တိုက်ခိုက်ခဲ့တာလို့ ပုဏ္ဏားကျွန်းဒေသခံတယောက်က ပြောပါတယ်။
“ပုဏ္ဏားကျွန်းက ကျော်ဇံရွာနဲ့ ပေါက်တောက သဲခုံရွာတို့ကို ၉ နာရီ ပတ်ဝန်းကျင်မှာ တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်တာ။ ကျော်ဇံရွာကိုတော့ လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီးတော့ သံခုံရွာကိုတော့ တကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။ ကျော်ဇံရွာကတော့ ပေါက်ကွဲသံတွေ အများကြီးကြားလိုက်ရတယ်။ သဲခုံ ဘက်ကတော့ တကြိမ်လောက်ပဲ ကျနော်တို့ကြားလိုက်တယ်။ လူအထိအခိုက်တော့မရှိဘူး။ ကျေးရွာသားတွေအကုန်လုံးက စစ်ဘေးတိမ်းရှောင်နေကြရတာ”
အခုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ သဲခုံးကျေးရွာဟာ ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပြီး ကျော်ဇံကျေးရွာကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
ပေါက်တောမြို့နယ်က သဲခုံကျေးရွာဟာ စစ်တွေမြို့ရဲ့ တဘက်ကမ်းမှာတည်ရှိပြီး စစ်တွေနဲ့ ၃ မိုင်လောက်ဝေးသလို ပုဏ္ဏားကျွန်းမြို့နယ်က ကျော်ဇံကျေးရွာဟာလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ ်အနီးအနားမှာ ရှိတာဖြစ်ပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ ဇန်နဝါရီလကတည်းက နှစ်ဖက်တိုက်ပွဲတွေ စတင် ဖြစ်ပွားနေကြပြီး နှစ်ဖက်လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန်ပစ်ခတ် နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း စစ်တွေမြို့နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်မြို့နယ်နဲ့ ပေါက်တောမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ် ထက်မနည်း တိုက်ခိုက်ခဲ့သလို မတ် ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။