
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ် ၂၁ ရက်နေ့ မနက် ၆ နာရီလောက်က စစ်ဘေးရှောင်ပြည်သူ အယောက် ၅၀ ထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးပြီး လူသားဒိုင်းလုပ်ထားတယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီရဲ့တာဝန်ခံတယောက်က “မနက်ပိုင်းမှာ ရေလယ်ကျွန်းခုံပေါ်က မိုးကွဲရွာနဲ့ မိုးဖြူရွာတွေဘက်ကို စစ်ကြောင်းထိုးတယ်။ ပြည်သူတွေက ကြောက်လို့ထွက်ပြေးကြရင်း စစ်ကြောင်းနဲ့ထိပ်တိုက်တိုးကြတယ်။ အဲဒီမှာ စစ်တပ်ဘက်က ပစ်ဖမ်းတာ။ အဖမ်းခံရတဲ့ပြည်သူ ၅၀ ကျော်လောက်ရှိတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်းပါကြတယ်လို့ သိရတယ်ဗျ။ သူတို့ကို မိုးကွဲရွာထဲမှာ ဓားစာခံလူသားဒိုင်းလုပ်ပြီး အခုထိ ဖမ်းထားတယ်။ ပြန်လွတ်မလာကြသေးဘူး” လို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မတ် ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ မြေစွန်းတော်ကျေးရွာက လူနေအိမ် ၂၈၀ နီးပါးကိုမီးရှို့ဖျက်ဆီးခဲ့ကြသလို မတ် ၅ ရက်နေ့မှာ ဇရပ်နီကျေးရွာက လူနေအိမ် ၇၀ နီးပါး၊ အဲဒီနေ့ညနေပိုင်းမှဦ သာဂေါင်လေးကျေးရွာက ပြည်သူပိုင်လူနေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး မတ် ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ရေလယ်ကျွန်းဒေသက ဘီးစပ်ကုန်းကျေးရွာကို ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ကြပြီး ၂၁ ရက်နေ့မှာ မိုးကွဲရွာနဲ့ မိုးဖြူရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ရေစကြိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူက “အဲဒီရွာတွေဘက်က စစ်ဘေးရှောင်တွေ သောင်းချီရှိနေတယ်။ ရေလယ်ကျွန်းဘက်မှာစစ်တပ်က လူမဆန်အောင်ယုတ်မာဆိုးသွမ်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တယ်။ လူနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးတယ်။ သက်ကြီးရွယ်အိုတွေပါမချန်ဘဲနဲ့ ဖမ်းဆီးသတ်ဖြတ်လို့ ပြည်သူတွေဒုက္ခပေါင်းစုံ ကြုံတွေ့နေကြရပြီး ထောင်ချီတဲ့ပြည်သူတွေထွက်ပြေးနေကြရတယ်။ စစ်ကြောင်းကလည်း အခုထိရှိနေသေးတော့ ဘယ်သူမှရွာတွေထဲပြန်မဝင်ရဲကြသေးဘူး” လို့ DVB ကို ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရခဲ့ကြသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့ မြေစွန်းတော်ကျေးရွာက ဒေသခံပြည်သူ ၁၀ ယောက်၊ မာလကာခြံကျေးရွာကဒေသခံပြည်သူ ၃ ယောက်၊ သာဂေါင်လေးကျေးရွာနဲ့ သာဂေါင် (ရွာမ) ကျေးရွာတွေက ဒေသခံပြည်သူ ၇ ယောက် ထက်မနည်းကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိထားရတယ်လို့လည်း ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီဆီကနေ သိရပါတယ်။










