DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ပြည်သူပိုင်ကားများကို အဓမ္မ ပေါ်တာဆွဲ၊ ယာဉ်မောင်းအချို့ ပျောက်ဆုံးနေ
DVB
·
March 22, 2025
စစ်ကောင်စီတပ်က ပြည်သူပိုင်ကားများကို အဓမ္မ ပေါ်တာဆွဲ၊ ယာဉ်မောင်းအချို့ ပျောက်ဆုံးနေ
Donate to DVB

ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီတပ်တွေအတွက် ထောက်ပို့လုပ်ပေးဖို့    အဓမ္မပေါ်တာဆွဲခံရတဲ့ ကားတွေနဲ့ ယာဉ်မောင်းတွေ ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေတာကြောင့် သူတို့ရဲ့ မိသားစု၀င်တွေ စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာချိန် စစ်ကောင်စီတပ်က ရှေ့တန်းကို ထောက်ပို့လုပ်ဖို့၊ ရိက္ခာပို့ဖို့၊ လက်နက်ခဲယမ်းနဲ့ စစ်သားတွေ ပို့ဖို့အတွက် စစ်ကားတွေကို မသုံးဘဲ နီးစပ်ရာ ပန်းတောင်းမြို့နယ်၊ ပြည်မြို့နယ်နဲ့ ကံမ မြို့နယ်ထဲက အရပ်ဘက် လိုင်းကားတွေ၊ FAW ကားတွေကို ပေါ်တာဆွဲပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။

ပေါ်တာဆွဲခံရတဲ့ကားတွေဟာ ခုချိန်အထိ ပြန်ရောက်မလာကြတာ၊ ယာဉ်မောင်းတွေလည်း ပျောက်ဆုံးနေတာတွေကြောင့် မိသားစု၀င်တွေ တွေစိုးရိမ်နေကြတယ်လို့ ပန်းတောင်းမြိုခံ တယောက်က ပြောပါတယ်။

ပန်းတောင်းမြို့နယ်ထဲမှာ ကားတွေအများကြီး ပေါ်တာဆွဲခံရပြီး အများစုက မပြောရဲမဆိုရဲ ဖြစ်နေကြတယ်၊ အဲ့ဒိအထဲမှာ နတ်မောက်ကျေးရွာကပါသွားတဲ့ ကားတစီးကတော့ ဒီနေ့အထိ ပြန်ရောက်မလာတော့ဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ပန်းတောင်းမြို့ခံက ပြောပါတယ်။

"ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကပါသွားတဲ့ ကိုသီဟနဲ့ သူ့ ယာဉ်နောက်လိုက် ကိုဇော်မျိုးထွန်းတို့ဆိုရင် ဒီနေ့အထိ သေသလား ရှင်သလား မသိရတော့ဘူး။ သူတို့ ၂ ယောက်က သူတို့ကားကိုလိုက် မောင်းပေးရတာ။ အဲ့ဒိထွက်သွားတဲ့နေ့ကတည်းက သူတို့နဲ့ အဆက်အသွယ်မရတော့ဘူး။ တချို့ပြန်ရောက်လာတဲ့သူတွေကိုမေးကြည့်တော့လည်း ဘာမှ ရေရေရာရာမပြောနိုင်ကြဘူး။ သူတို့ ဖုန်းတွေကိုတော့ ကားစထွက်တဲ့နေ့ကတည်းက  စကစ က သိမ်းထားတယ်တဲ့။ ကိုသီဟတို့ကားက ပြည်နဲ့ နတ်မောက်ဆွဲတဲ့  ရွာဈေးကားပါ။ အဲ့ဒါကို န၀ဒေးတံတားထိပ်ကနေ စကစ တပ်တွေကစွဲ သွားတာ။ ပါသွားတဲ့နေ့ကတော့ ညောင်ကျိုးအထိ စကစ စစ်သားတွေကိုလိုက်ပို့ ရမှာလို့ပြောတာပဲ။ အခု တပတ်ကျော်ပြီ။ အဲ့ဒီမှာကလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတော့ စိုးရိမ်နေကြာတာပေါ့။ အိမ်တွေနဲ့လည်း အဆက်အသွယ်မရကြတော့ မိသားစုတွေကတော့ စိတ်ပူနေကြတာပေါ့။" 

ဥသျှစ်ပင်နဲ့ ညောင်ခြေထောက်ရွာတွေဘက် အခမဲ့လိုက်ပို့ပေးရတဲ့ FAW ကား ၃ စီးလည်း မီးရှို့ဖျက်ဆီး ခံခဲ့ရပေမဲ့ ကားပိုင်ရှင်တိုင်းက အလှည့်ကျ ဂိတ်ထိုးပေးထားရပြီး  FAW ကားတိုင်း အလကား ကိုယ့်ဆီနဲ့ကိုယ် အပြင် ဒရိုင်ဘာဘာငှားထည့်ပေးနေရတယ်လို့ ကားပိုင်ရှင်တယောက်က ပြောပါတယ်။

"FAW ကားရှိသူတိုင်း အလှည့်နဲ့ သူတို့စခန်းချတဲ့ ဥသျှစ်ပင်မြို့အ၀င်၊ တံတားအကျော်က ၊ဆောက်လုပ်ရေးဝင်းထဲကို သွားပြီးဂိတ်ထိုးပေးထားရတယ်။ တစီးကို ၃ ရက် ၊ ၃ ရက်ပြည်လို့ ထွက်သွားရင်နောက် ၃ စီးက အဆင်သင့်သွားထိုးပေးထားရတယ်။ ဆီလည်း ထည့်မပေးဘူး။ ကားမောင်းတဲ့သူပါ ငှားထည့်ပေးရတာ။ အခုအချိန်က ကားမောင်းမယ့်သူက တနေ့ကို မောင်းခ ကျပ် ၁၀၀,၀၀၀ ပေးတာတောင် လိုက်မောင်းပေးမယ့် သူမရှိဘူး။ တောင်းသလောက်ပေးပြီး ငှားနိုင်ရင်ငှား။ မငှားနိုင်ရင် ကိုယ့်ဟာကိုယ် လိုက်မောင်းပဲ။ အဲ့ဒိ FAW ကားတွေကိုလည်း  ပို့ပေးပြီးရင် ပြန်လွှတ်မပေးဘူး။ အဲ့ဒိမှာပဲ အသင့်ထားတာ။ သူတို့သေတဲ့ဟာတွေ ဒဏ်ရာရသူတွေ ကို ပြန်တင်ပြီးမှ ပြန်ရတာ။”

အလားတူ မကွေးတိုင်း၊ ကံမမြို့နယ်ထဲမှာလည်း ရွာဘက်ကနေ ပြည်မြို့ကို တက်ပြီး ဈေးဝယ်လေ့ရှိတဲ့ကားတွေ ပေါ်တာဆွဲခံရပါတယ်။ FAW ကား  ၁၀ စီးလောက် ပေါ်တာဆွဲ ခံခဲ့ရပြီး အဲ့ဒိအထဲပါသွားတဲ့ ကားရှင်တယောက်က ပြီးခဲ့တဲ့ တပတ်ကျော်က ကံမကိုပြန်လည်ရောက်လာကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်။

FAW ကားပိုင်ရှင်တယောက်က” ကျောက်သမားတယောက်ဆို တောင်ပို့ကြီးတိုက်ပွဲမှာ သူ့ကား ၂ စီးမီးရှို့ခဲ့ရတယ်။ နောက်တယောက်လည်း တစီး အဲ့ဒိတိုက်ပွဲမှာပဲ FAW ကား ၃ စီး မီးရှို့ခံလိုက်ရတယ်။ ဘယ်သူကမှ မလိုက်ချင်ဘူး။ ဒါပေမဲ့ သူတို့ကိုကြောက်တော့လည်း  လိုက်နေရတာပဲ " လို့ ပြောပါတယ်။

လတ်တလော ပဲခူးတိုင်းနယ်စပ်က ညောင်ကျိုးမှာ တိုက်ပွဲတွေရပ်နေပေမဲ့ မတ် ၂၁ ရက် မနက်ပိုင်းမှာ ပြည်မြို့ဘက်ကနေ လေယာဉ်တွေ တက်သွားတာနဲ့ ညောင်ခြေထောက် အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013