စပိန်နိုင်ငံ မက်ဒရစ်မြို့အနီးနဲ့ အိမ်နီးချင်း အာဗီလာပြည်နယ်တို့မှာ တောမီးတွေ ဆက်တိုက် လောင်ကျွမ်းနေပြီး လူနေရပ်ကွက်တွေကို ခြိမ်းခြောက်လာတာကြောင့် စပိန်အစိုးရဟာ ဇူလိုင် ၂၃ ရက် ညပိုင်းမှာ အမျိုးသား အရေးပေါ်အခြေအနေ ကြေညာပါတယ်။
မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်ဖို့ ရုန်းကန်နေရချိန်မှာ လူပေါင်း ၁၀,၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
နေရာအတော်များများမှာ မီးတွေ တပြိုင်နက်တည်း လောင်ကျွမ်းနေတာ၊ ရာသီဥတုအခြေအနေ ဆိုးရွားတာနဲ့ မီးငြှိမ်းသတ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းတွေ ရှုပ်ထွေးခက်ခဲလာလို့ အစိုးရဌာနပေါင်းစုံက အကူအညီတွေ အမြောက်အမြား ထုတ်သုံးဖို့ လိုအပ်လာတာကြောင့် ဒီလို ဆုံးဖြတ်ခဲ့ရတာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
စပိန်နိုင်ငံရဲ့ အမျိုးသား ပြည်သူ့ကာကွယ်ရေးစနစ် ဥပဒေအရ အခုလို အရေးပေါ်အခြေအနေ ကြေညာလိုက်တာကြောင့် မီးငြှိမ်းသတ်ရေးနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြည်ထဲရေးဝန်ကြီးက တိုက်ရိုက်ကိုင်တွယ် ကွပ်ကဲရတော့မှာ ဖြစ်ပါတယ်။
ဒါဟာ တောမီးလောင်မှုကြောင့် အမျိုးသားအရေးပေါ်အခြေအနေမျိုး ပထမဆုံးအကြိမ် ကြေညာတာလည်း ဖြစ်ပါတယ်။
မက်ဒရစ် ဒေသဆိုင်ရာအစိုးရက အခြေအနေဟာ “အလွန်အမင်း စိုးရိမ်စရာကောင်းတဲ့” အနေအထားမှာ ရှိနေတယ်လို့ ပြောဆိုပြီး အကူအညီတောင်းခံခဲ့ပါတယ်။
ဗီလာဒယ်ပရာဒို၊ ဆန်မာတင်ဒီဗာလ်ဒီ အီဂလက်စီယားစ်နဲ့ အိမ်နီးချင်း ကက်စ်တီလ်-လာမန်ချာက အယ်လ်မိုရောက်စ်မြို့တွေမှာ လောင်ကျွမ်းနေတဲ့မီးဟာ လက်ရှိ ငြှိမ်းသတ်နိုင်စွမ်းထက် ပိုမိုကူးစက်သွားနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြို့တွေက လူပေါင်း ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီးဖြစ်တယ်လို့ ဒေသဆိုင်ရာအစိုးရက ပြောပါတယ်။
ဒါ့အပြင် အာဗီလာမြို့၊ ဘာဂိုဟွန်ဒိုက တောမီးဟာလည်း ရာသီဥတုအခြေအနေကြောင့် လာမဲ့နာရီပိုင်းအတွင်း မက်ဒရစ်ဒေသဘက်ကို ရောက်ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
မီးလောင်နေတဲ့ ဒေသတွေမှာ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်း ၂၇၀ ထက်မက၊ မြေပြင်စစ်ကြောင်း ၄၀ အပြင် တပ်မတော် အရေးပေါ်တပ်ဖွဲ့ (UME) တွေကိုပါ ဖြန့်ကြက်ထားပါတယ်။
Source: Reuters











