DVB Logo
Home
မြန်မာသတင်း
အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သဖြင့် လွိုင်ကော်-ဆီဆိုင်လမ်းကို ခရီးမသွားရန် KNDF သတိပေး
DVB
·
March 21, 2025
အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သဖြင့် လွိုင်ကော်-ဆီဆိုင်လမ်းကို ခရီးမသွားရန် KNDF သတိပေး
Donate to DVB

ကရင်နီပြည်နယ် လွိုင်ကော် - ဆီဆိုင်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်က နည်းလမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ်ရှားနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တာကြောင့် မတ် ၂၀ ရက်ကစပြီး ခရီးသွားလာတာတွေမလုပ်ဖို့ KNDF ဗျူဟာအမှတ် ၂ က သတိပေးထုတ်ပြန်ပါတယ်။

အဲဒီလမ်းကို မတ် ၂၀ ရက်နေ့ကစပြီး ယာဥ်ကြီး ယာဉ်ငယ်တွေနဲ့ ခရီးသွားလာတာမပြုလုပ်ဖို့ မေတ္တာရပ်ခံထားပြီး အများပြည်သူလုံခြုံရေးအတွက် ပြန်လည်သွားလာနိုင်မယ့်အချိန်နဲ့ရက်ကို ပြန်ကြေညာပေးမယ်လို့ ဆိုပါတယ်။

လက်ရှိ လွိုင်ကော် - ဆီဆိုင်လမ်းမကြီးကို PNO ပြည်သူ့စစ် နဲ့ စစ်ကောင်စီတပ်တွေက ထိန်း ချုပ်ထားပြီး ကရင်နီပြည် နဲ့ တောင်ကြီးမြို့ကို ဆက်သွယ်ပေးထားတဲ့လမ်းဖြစ်ပါတယ်။

ဒေသခံတွေကတော့ ကုန်စီးဆင်းမှုနဲ့ ခရီးသွားပို့ဆောင်ရေးအတွက် အသုံးပြုကြပြီးတော့ လက်ရှိအချိန်ထိ အဲ့လမ်းမကြီးကို အသုံးပြုနေတုန်းပဲလို့ လွိုင်ကော်ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“လွိုင်ကော်-ဆီဆိုင်လမ်း တောင်ကြီးလမ်းက သူက ကုန်ထုတ်လမ်းလည်း ဟုတ်တယ်၊ ခရီးသည်သွားတဲ့လမ်းလည်း ဟုတ်တာပေါ့နော်။ နေ့တိုင်းသွားနေတာကတော့ ညနေ ၄ နာရီကနေ ဖြတ်သန်းတာကတော့ ၆ နာရီပေါ့။ သူတို့သတ်မှတ်တဲ့ ဂိတ်တွေကတော့ ၆ နာရီကျော်ရင် ပေးမဖြတ်ဘူး။ ဒါပေမဲ့ အဲ့ဒီကြားမှာတော့ သွားနေတာ တော်တော်များတယ်။ နောက်နေရပ် ပြန်လာတဲ့သူတွေကလည်း တရက်တရက်ကို ကားအစီး ၁၀၀ ကျော်လောက် ပုံမှန်၀င်နေတယ်။”

လွိုင်ကော်မြို့ပေါ်မှာတော့ ပြည်သူတွေအနေနဲ့ ပုံမှန်အတိုင်းသွားလာလို့ရနေပြီး စစ်ကောင်စီဘက်က မြို့ထဲမှာ လုံခြုံရေးပိုင်းနဲ့ နေရပ်ပြန်သူတွေအတွက် စစ်ဆေးရေးလျှော့ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်ရှောင်စခန်းတွေက စစ်ရှောင်တွေဟာ သောက်ရေသုံးရေ မလုံလောက်တာနဲ့ အလှူရှင်နည်းသွားတာကြောင့် မတောင့်ခံနိုင်တဲ့အဆုံး လွိုင်ကော်မြို့ကို ပြန်လာကြတာလို့ မြေပြင်မှာ ကူညီနေတဲ့သူတွေက ပြောပါတယ်။

ထွန်းမြန်မာ ဒိုနေးရှင်းက “ဒီဘက်မှာတော့ အကုန်လုံးက ငတ်ငတ်သေသေ ရေလည်းရှားနေပြီး ဒုက္ခတွေ ရောက်နေတာတော့ အမှန်ပဲဗျ။ အလှူရှင်ကလည်း တော်တော်များများနည်းသွားပြီဆိုတော့ အဲ့ဘက်ကို သွားမယ်ဆိုရင် သူတို့အတွက် စား၀တ်နေရေးများ ပြန်ပြီးပြေလည်မလား။ နောက် တချို့ကျတော့လည်း လွိုင်ကော်မြို့ပေါ်ကသူတွေက မြို့ပေါ်မှာနေတာကြာပြီဖြစ်တဲ့အတွက် တချို့လူတွေ ကိုယ့်အိုးကိုယ့်အိမ်မှာပဲ သေရင်လည်း သေပါစေဆိုပြီး ပြန်ကြတာရှိတယ်။ သို့သော်ငြားလည်း တကယ့်တကယ်တမ်း တိုက်ပွဲတွေဖြစ်တဲ့အခါကျရင် ဒီတခေါက်တော့ ဒီ ဘက်ကနေပြီးတော့ မပြန်နဲ့လို့တော့ ပြောပြထားတာတော့ ရှိတယ်။ တကယ်လို့ တခုခု ဖြစ်ခဲ့မယ်ဆိုရင် ပြီးခဲ့တဲတခေါက်က သူတို့ကိုငဲ့ညာပြီး ထုတ်ရတဲ့အခါမှာ ကျနော်တို့ဘက်က ကျတာတွေလည်း တော်တော်များတာကိုး။”

မိုးဗြဲပြန်ရဖို့ လက်ရှိ အင်အားအလုံအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ဆီ ဆိုင်ဘက်မှာလည်း PNO ပြည်သူ့စစ်နဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေပါ လုပ်လာတာပါ။ 

ဒါကြောင့် လွိုင်ကော် - ဆီဆိုင်ကားလမ်းကို ယာယီပိတ်ထားတာဖြစ်ပြီး လမ်းပြန်အသုံးပြုနိုင်မယ့် အချိန်နဲ့နေ့ရက်ကို ပြန်အသိပေးမှာဖြစ်ပြီး သတိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိပါက ဖြစ်လာမယ့် ကိတ်စရပ်တွေကို တာ၀န်ယူမှာမဟုတ်ကြောင်း KNDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013