
ဗြိတိန်ရဲ့ အကြီးဆုံးလေဆိပ်ဖြစ်တဲ့ ဟီးသရိုးလေဆိပ်အနီးရှိ ဓာတ်အားခွဲရုံ မီးလောင်မှုကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ပွားပြီး သောကြာနေ့ တနေ့လုံး လေဆိပ်ကို ပိတ်ထားပါတယ်။
ဟီးသရိုးလေဆိပ်ရဲ့ ကြေညာချက်မှာ လျှပ်စစ်မီး မရမှုကြောင့် လေဆိပ်ကို ည ၁၁ နာရီ ၅၉ မိနစ် အထိ သောကြာနေ့ တနေ့လုံး ပိတ်ထားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“ကျနော်တို့ရဲ့ ခရီးသည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဘေးကင်းဖို့ လေဆိပ်ကို မတ်လ ၂၁ ရက် ၁၁ နာရီ ၅၉ မိနစ်အထိ ပိတ်ထားမှာပါ။ လေဆိပ်ကို မလာဖို့ ခရီးသည်တွေကို အကြံပေးထားပြီး လေကြောင်းလိုင်းတွေနဲ့ ဆက်သွယ်ပြီး သတင်းအချက်အလက် ရယူရမှာပါ။ အဆင်မပြေမှုအတွက် ကျနော်တို့ တောင်းပန်ပါတယ်” လို့ ဟီးသရိုးလေဆိပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဟီးသရိုးလေဆိပ်ဟာ ဗြိတိန်မှာ အကြီးဆုံးလေဆိပ်ဖြစ်ပြီး နေ့စဉ် လေယာဉ်အဆင်းအတက် အကြိမ် ၁,၃၀၀ ရှိကာ ပြီးခဲ့တဲ့နှစ်အတွင်း ခရီးသည် ၈၃ ဒသမ ၉ သန်းရှိကြောင်း မှတ်တမ်းတွေက ဖော်ပြပါတယ်။
မီးလောင်ကျွမ်းနေတဲ့နေရာက လန်ဒန်အနောက်ဘက် ဟာယက်စ်မှာရှိတဲ့ ဓာတ်အားခွဲရုံက ဖြစ်တာကြောင့် အဲဒီနေရာက အိမ်တွေ ထောင်နဲ့ချီပြီး လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပွားနေပါတယ်။
မီးလောင်မှုကြောင့် လူ ၁၅၀ ဝန်းကျင်လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ မီးလောင်မှုကို မီးသတ်ကား ၁၀ စီး၊ မီးသတ်သမား ၇၀ က ငြှိမ်းသတ်နေတယ်လို့ လန်ဒန်မီးသတ်အဖွဲ့က ပြောပါတယ်။
ဘာ့ကြောင့် မီးလောင်တာလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လေဆိပ်ပိတ်ထားရမှုကြောင့် သောကြာနေ့မှာ ဟီးသရိုးလေဆိပ်ကို အသုံးပြုမယ့် လေယာဉ်အဆင်းအတက် ၁,၃၅၁ ကြိမ် ပြုလုပ်မှုကို ထိခိုက်မှာဖြစ်ပါတယ်။
Source : Reuters











