
စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ မတ် ၁၉ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်ရဟတ်ယာဉ်ဆင်းသက်စဥ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာ ၄၅ ( ကျောက်လုံးကြီး - KLG PDF) တပ်ဖွဲ့က မတ် ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကနီမြို့ကဘောလုံးကွင်းထဲမှာ စစ်ရဟတ်ယာဥ်ဆင်းလာတဲ့အချိန်မှာ Fixed Wings ဒရုန်း ၂ စင်းနဲ့ ဗုံး ၂ လုံးချတိုက်ခိုက်ခဲ့တာလို့ KLG PDF တပ်ဖွဲ့ဝင်ရဲဘော်တယောက်က ပြောပါတယ်။
အဆိုပါ စစ်ရဟတ်ယာဥ်ဟာ မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၂၀ နီးပါးတင်ဆောင်လာတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပြန်လှည့်သွားတယ်လို့ ကျောက်လုံးကြီး သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ အေတီက ပြောပါတယ်။
“ကနီမြို့ပေါ်မှာက ပြည်သူတွေ သိပ်မရှိကြတော့ဘူး။ အနည်းအကျဥ်းလောက်ပဲ ရှိတော့တာ။ မြို့ပေါ်မှာ တာဝန်ကျနေတဲ့ သူတို့တပ်ဖွဲ့ဝင်တွေ အချိန်းအပြောင်းလုပ်ဖို့ စစ်ရဟတ်ယာဥ် ဘောလုံးကွင်းထဲကို ဆင်းတဲ့ အချိန်မှာ ကျနော်တို့ဘက်က လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ တိုက်ခိုက်အပြီး သူတို့အင်အားအချိန်းအပြောင်းမလုပ်တော့ဘဲ ရဟတ်ယာဥ် တန်းပြန်တက်သွားတာတွေ့လိုက်ရတယ်။ အရာရှိတွေ အချိန်းအပြောင်းလုပ်မှာလို့တော့ ဖရဲသီးဆီကနေ သိရတယ်ဗျ။ တိုက်ခိုက်မှုမှာတော့ သူတို့ဘက်က ကင်းသမားတ ချို့ထိခိုက် ဒဏ်ရာရတယ်လို့တော့ ကနဦးသိရတယ်။ ထိခိုက်သေဆုံးတဲ စာရင်းအတိအကျတော့ မသိရသေးဘူး။ နမခတိုင်းမှူး ဝက်ဘီးလူး မျိုးမင်းထွေးက ကနီမြို့ အထကမှာ ကျောင်းတက်ခဲ့ဘူးတော့ အခုတိုက်ခိုက်ခံရတာကို ဒေါသထွက်တယ်လို့ သိရတယ်။”
စစ်ရဟတ်ယာဥ်ဗုံးကြဲတိုက်ခိုက်ခံရအပြီး ကနီမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကနီမြို့ပေါ်က အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်တွေက လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို မြို့ပေါ်မှာ ကင်းလှည့်ပတ်နေပါတယ်။
ဒီတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကသတင်းတစုံတရာ ထုတ်ပြန်လာတာ မရှိသေးသလို ထိခိုက်ပျက်စီးတဲ့အခြေအနေကိုလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ယင်းမာပင်ခရိုင် ဗျူဟာ ၄၅ (ကျောက်လုံးကြီး - KLG PDF) တပ်ဖွဲ့ဟာ ဖေဖေါ်ဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ချောင်းဦးမြို့နယ်ထဲက ပျူစောထီးကျေးရွာတွေက စစ်ကောင်စီအထိုင်စခန်းတွေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာလည်း မဟာမိတ် တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။










