
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် အောင်သစ္စာလမ်းမှာရှိတဲ့ စစ်ကောင်စီအတွက် လူငယ်တွေကို ပေါ်တာဆွဲပေးနေတဲ့ ပျူစောထီးတွေကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ MSYF မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။
MSYF တာဝန်ခံဗိုလ်နိုင်က “သင်္ဃန်းကျွန်းရပ်ကွက်ထဲမှာ မနက် ၉ နာရီလောက်တည်းက မစ်ရှင်းလုပ်ဖို့ ကလေးတွေစာမေးပွဲ ဖြေဆိုတာတွေရှိလို့ စောင့်ပြီး ၁ နာရီကျော်လောက်မှ လုပ်ဖြစ်ခဲ့တယ်။ ထိခိုက်မှုတွေတော့ရှိတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံးကွဲတော့ ထိခိုက်မှုကို စုံစမ်းနေတယ်”လို့ DVB ကို ပြောပါတယ်။
ပစ်ခတ်မှုအပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုတံတားနဲ့ လမ်းဆုံနေရာတွေမှာ စစ်တပ်က ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မတ် ၁၉ ရက် ညကလည်း ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မင်္ဂလာဒုံလမ်းမကြီးပေါ်က မှုခင်းရဲတပ်ဖွဲ့ရုံး ကင်းစခန်း အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရပြီး ကင်းတာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။