
ပဲခူးတိုင်း၊ အင်းတကော်မြို့မှာ G7 ကျောင်းသားတယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှု သံသယနဲ့ တရားစွဲခံထားရပြီး ထွက်ပြေးနေတဲ့ နိုင်သာယာ အလယ်တန်းကျောင်းခွဲက လက်ထောက်မူလတန်းကျောင်းဆရာကို မတ် ၁၈ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“လိုင်းပေါ်မှာ အဲ့ကိစ္စ အရမ်းပျံ့လာမှ ရဲက ဖမ်းမိတာ။ ပညာရေးဘက်ကရော၊ အုပ်ချုပ်ရေးဘက်ကပါ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ ဖြစ်စဥ်တွေအပေါ်မှာ လိုက်ပါဆောင်ရွက်မှု အားနည်းတယ်။”
လတ်တလောမှာ ကျောင်းဆရာ ဦးအောင်သူဝင်းကို အင်းတကော်နယ်မြေရဲစခန်းက စစ်ဆေးနေပြီး ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားတယ် ဆိုတာကို ရဲစခန်းဘက်က ပြောဆိုတာ မရှိသေးဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ရဲဘက်က ပြောတာက G7 ကျောင်းသားတယောက်တည်း အဲ့လိုလုပ်တာမဟုတ်ဘူး။ ကျောင်းသူတွေကိုပါ လိင်ပိုင်းဆိုင်ရာကျူးလွန်တာ၊ လက်ရှိတော့ စစ်နေတုန်းပဲ။”
အင်းတကော်မြို့နယ်၊ မြိုင်သာယာ အလယ်တန်းကျောင်းခွဲမှာ ကျောင်းဆရာ ဦးအောင်သူဝင်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတယ်ဆိုပြီး ကျောင်းသား၊ ကျောင်းသူတွေက ဖေဖော်ဝါရီ ၁၅ ရက်မှာ မိဘတွေကို ပြန်ပြောပြကြတာပါ။
ဒီလိုပြန်ပြောပြပေမဲ့ သားသမီးတွေရဲ့ ပညာရေးကို ငဲ့ပြီး မိဘတွေက စာမေးပွဲပြီးတဲ့အချိန် ဖေဖော်ဝါရီ ၂၆ ရက်မှာမှ အင်းတကော်နယ်မြေ ရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ပဲခူးမြို့၊ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲမှာ G5 ကနေ G8 ကျောင်းသား ၄၈ ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး ဦးသက်ဇော်အောင်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။