
ပြီးခဲ့တဲ့အပတ်က ဗျူနိုအေးရိစ်မြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အာဂျင်တီးနားကွန်ဂရက်ရှေ့မှာ လုံခြုံရေးတိုးမြှင့်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ မတ် ၁၉ ရက် လွှတ်တော်ရှေ့ဆန္ဒပြပွဲမှာ ပင်စင်စားတွေ၊ အလုပ်သမားသမဂ္ဂဝင်တွေ၊ လူမှုအဖွဲ့ကိုယ်စားလှယ်တွေ ထောင်နဲ့ချီ ပါဝင်ခဲ့ကြပါတယ်။
အာဂျင်တီးနားသမ္မတ မီလေးရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုတွေနဲ့ အငြိမ်းစားတွေရဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲမှုတွေ ရပ်ဖို့ ပင်စင်စားတွေက အပတ်စဉ် စုဝေးဆန္ဒပြကြတာ ဖြစ်ပါတယ်။
အာဂျင်တီးနား ပင်စင်စားတွေကို အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ လူမှုအဖွဲ့ ကိုယ်စားလှယ်တွေက ထောက်ခံမှု ပေးကြပါတယ်။
လွှတ်တော်ရှေ့မှာ ရဲတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် ချထားပြီး လမ်းပိတ်တာတွေ၊ ဝင်ရောက်ခွင့် ကန့်သတ်တာတွေ၊ လုံခြုံရေးတင်းကျပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ပြည်ထဲရေးဝန်ကြီးက အကြမ်းဖက်မှုတွေအတွက် လုံခြုံရေးအရ တုံ့ပြန်သွားမယ်လို့ ဆိုရှယ်မီဒီယာ X မှာ ဖော်ပြပါတယ်။
ဒီလို ချီတက်ဆန္ဒပြပွဲမျိုး မတ် ၁၂ ရက်က ပြုလုပ်ခဲ့ဖူးပြီး အဲဒီတုန်းက ပြဿနာရှာတဲ့ ဘောလုံးပရိသတ်အဖွဲ့တွေ ပါဝင်လို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရေအမြောက်တွေ အသုံးပြုခဲ့ရပါတယ်။
အဲဒီတုန်းက လူတွေ အမြောက်အမြား ဒဏ်ရာရခဲ့သလို လူတွေရာနဲ့ချီပြီး ဖမ်းဆီးခံခဲ့ရတာ တွေ့ရပါတယ်။
ဒီအချိန်မှာ အာဂျင်တီးနား အောက်လွှတ်တော်က နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) နဲ့ သဘောတူညီမှု အသစ်တခုကို အတည်ပြုခဲ့ပါတယ်။
ဒါဟာ အာဂျင်တီးနားနိုင်ငံရဲ့ ဘဏ္ဍရေးဆိုင်ရာ မရှိမဖြစ် နေရာတွေမှာ ငွေကြေးထောက်ပံ့နိုင်ဖို့ အဓိကခြေလှမ်းပဲ ဖြစ်ပါတယ်။
Source : Reuters