
ကရင်ပြည်နယ် ဘားအံမြို့မှာ တရားမဝင် ကုန်စည်တွေနဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ နှေးသွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်း သိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေး အရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် မတ် ၅ ရက်ကစပြီး ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ်ကုန်စည်တွေ တင်လာတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအမိန့်နဲ့ ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် မတ် ၁ ရက်နေ့ အစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင်က ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့ကြားက တရားမဝင်ကုန်ပစ္စည်းတွေ တင်ပို့တာ၊ တင်သွင်းတာ လျော့ကျမှုမရှိဘဲ ပိုတိုးလာတာကြောင့် ဖမ်း ဆီးတာတွေ ပိုမိုလုပ်ဆောင်ဖို့ ထပ်မံ ညွှန်ကြားခဲ့ပါတယ်။
ကုန်သည်တယောက်က “လတ်တလောကတော့ နယ်စပ်ကမြို့တွေကို ထိခိုက်တာပဲ။ နယ်စပ်က မြို့တွေက ပြည်တွင်းက ကုန်တွေကြီးပဲ မှီနေတာ မဟုတ်ဘူး။ ဥပမာ ဘားအံတို့၊ မြဝတီတို့ဆို ယိုးဒယားဘက်က သွင်းကုန်တွေ ဝန်ဆောင်မှုတွေ ယူရတာရှိတယ်။ လတ်တလော တင်းကျပ်တာတွေ လုပ်လိုက်တဲ့အခါ ကုန်စည်စီးဆင်းမှုတွေ နှေးသွားတယ်” လို့ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ကနေ ကုန်သွယ်ရာမှာ ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နှုန်းအား ဗဟိုဘဏ်ကို ပေးသွင်းပြီး စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ဈေးအတိုင်း ပြန်လည်ရောင်းချပေးသွားမယ်လို့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးဖြစ်တဲ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာ ငွေကျပ် ၂၁၀၀၊ ထိုင်းဘတ် ၁ ဘတ်ကို မြန်မာငွေကျပ် ၅၈ ကျပ်နှုန်းနဲ့ ပြန်လည်ရရှိပါတယ်။ သွင်းကုန် လိုင်စင်လျှောက်ခွင့်ရဖို့ ကုန်သည်တွေအနေနဲ့ မကိုက်ကိုက်အောင် ကြံဖန်ရှာဖွေပြီး ပို့ကုန်တင်ပို့နေရပါတယ်။
တဖက်မှာလည်း ကုန်သည်တွေအနေနဲ့ သွင်းကုန်ရရှိဖို့ ပို့ကုန်ကို အရှုံးခံ တင်ပို့နေရပေမဲ့ သွင်းကုန် လိုင်စင်ရရှိဖို့ ခက်ခဲတာကြောင့် တရားမဝင်ကုန်သွယ်မှုတွေ ပြုလုပ်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးနေတာတွေကြောင့် တချို့ကုန်တင်ယာဉ်တွေ ရပ်နားထားရတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတယောက်က ပြောပါတယ်။
“မြဝတီလိုင်းကြောက အခုလောလောဆယ် ကုန်စည်က ရပ်သလောက်ဖြစ်နေတာ။ ကုန်စည်စီးဆင်းမှုက လောလောဆယ် ပစ္စည်းက ဒီ (မြဝတီ) ဘက်ကကို အဝင်မခံဘူးဖြစ်နေတာ။ သွားလို့မှမရတာ။ ဖမ်းတယ် ဆီးတယ်ဆိုတော့ တချို့ကားတွေက ရပ်ထားတယ်၊ တချို့ပစ္စည်းတွေက မတင်တော့ဘူး။ ယိုးဒယား ပစ္စည်းက အဲလိုတွေဖြစ်နေတာ အခုလောလောဆယ်။”
ဘားအံမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးထဲက အစီး ၂၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ကုန်တင်ယာဉ် အစီး ၇၂ စီးသာ ကျန်ရှိနေတယ်လို့ ဘားအံမြို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခု ဇန်နဝါရီကနေ ၂၀၂၅ ခု ဇန်နဝါရီအထိ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရမိတဲ့ အမှုတွဲ ၁၉,၀၀၀ ကျော်ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄၅၀ ဘီလီယံကျော် ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ တရားမဝင်ကုန်စည်တိုက်ဖျက်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။










