
လျှပ်စစ်စွမ်းအင်သုံး EV မော်တော်ယာဉ်တွေကို ဧပြီ ၁ ရက်က စတင်ကာ လမ်းနဲ့ တံတားကြေးတွေ ကောက်ခံတော့မယ်လို့ စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။
နိုင်ငံအနှံ့ မြို့တွင်းယာဉ်ဖြတ်သန်းခ ကောက်ခံတဲ့လမ်းတွေနဲ့ တံတားတွေမှာ လျှပ်စစ်မော်တော်ယာဉ်တွေကို ဧပြီ ၁ ရက်ကစလို့ အခွန်ကောက်ခံတော့မှာဖြစ်ပြီး ဒီအကြောင်း ဆိုင်းဘုတ်တွေချိတ်ဆွဲ အသိပေးကြေညာထားတယ်လို့ နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အရာရှိတယောက်က ပြောပါတယ်။
“မှန်ပါတယ်။ လမ်းတံတားကြေးတွေကို ဧပြီ ၁ ရက်နေ့ကစပြီး ကောက်တော့မှာပါ။ EV က အိမ်စီးကား ဆိုတော့ ၅၀၀ ပဲ ကောက်မှာပါ။”
လက်ရှိမှာ လျှပ်စစ်သုံး မော်တော်ယာဉ်ပိုင်ရှင်တွေဟာ ကားရဲ့ တန်ဖိုးအပြင် အားသွင်းခအဖြစ် ယူနစ် ၂၀ ကို ငွေကျပ် ၈၀၀၀၊ လျှပ်စစ်မီးမမှန်တဲ့အတွက် မီးစက် ဝယ်ယူရတာတွေအတွက် အပိုကုန်ကျမှုတွေ ရှိနေပါတယ်။
ဒီလို အပိုကုန်ကျမှုတွေကြောင့် EV ကားပိုင်ရှင်တွေဟာ ဝယ်ယူပြီးသား EV ကားတွေကို ပြန်လည်ရောင်းချနေကြတယ်လို့ ကားပိုင်ရှင်တယောက်က ပြောပါတယ်။
“ကင်းလွတ်ခွင့်ပေးထားတာ ၂ နှစ်ပြည့်သွားလို့ စကောက်တာ ထင်တယ်။ EV ကားဝယ်ရတာ အာရုံအတော်နောက်ပါတယ်။ အခုလည်း လာပြန်ပြီ၊ လမ်းတံတားကြေးတွေ။ လမ်းတံတားကြေးက ပြဿနာမရှိဘူး။ အဓိကက မီးမရတာ တော်တော်တိုင်ပတ်တယ်။”
စစ်ကောင်စီရဲ့ စီးပွား/ကူးသန်းက လျှပ်စစ်သုံး မော်တော်ယာဉ်တင်သွင်းခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခွင့်ပြုပေးခဲ့ပြီး တနှစ်အတွင်း ဒေါ်လာ ၂ သိန်းနဲ့အထက် ငွေလွှဲမယ် ဆိုရင်တော့ လွှဲပို့တဲ့ပမာဏရဲ့ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ကားကို တင်သွင်းခွင့်ပေးထားပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ မှတ်ပုံတင်ထားတဲ့ EV ကား အရေအတွက်ဟာ ၆,၁၉၁ စီးရှိတယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။










