
လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် (EV) တွေကို မြန်မာပြည်တွင်းမှာ အလုံးစုံ ထုတ်လုပ်ရောင်းချနိုင်အောင် လုပ်ဆောင်သွားဖို့ လိုတယ်လို့ ဇွန် ၂၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးအတွက် ပြည်တွင်း လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ဆောင်ရွက်ဖို့၊ လျှပ်စစ်စွမ်းအင်သုံး ကုန်တင်ယာဉ်၊ အများပြည်သူသုံး လျှပ်စစ်မော်တော်ယာဉ် စတာတွေကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင်လုပ်ဖို့လည်း သူက ပြောပါတယ်။
လက်တွေ့မှာ မြန်မာနိုင်ငံရဲ့ EV ကား တင်သွင်းမှုနဲ့ ဈေးကွက်ကို မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေနဲ့ စစ်တပ်နဲ့ဆက်စပ်နေတဲ့ လုပ်ငန်းရှင်တွေကပဲ အဓိက လွှမ်းမိုးချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။
မကြာသေးခင်က သွားခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာလည်း သူဟာ EV ကား တင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို ခေါ်သွားခဲ့ပြီး တရုတ် EV ကားထုတ်လုပ်ရေးစက်ရုံဆီကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့ပါသေးတယ်။
ဒါ့အပြင် အဲဒီအစည်းအဝေးမှာ လာမဲ့ဘဏ္ဍာနှစ်အတွင်း ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေကို အဆင့်မြှင့်တင်ဖို့၊ ကုန်ထုတ်လုပ်ငန်းတွေနဲ့ စက်ရုံတွေ စွမ်းအားပြည့်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ သွင်းအားစုတွေရအောင် ဝန်ကြီးဌာနတွေနဲ့ တိုင်း၊ ပြည်နယ်အစိုးရအဖွဲ့တွေက မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးဖို့လည်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းမြစ်ကောင်းတွေ ရှိပြီးသားဖြစ်လို့ အမှန်တကယ် အလုပ်လုပ်ဖို့လိုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမယ်လို့လည်း စစ်အာဏာရှင်က ဆိုပါတယ်။










