DVB Logo
Home
နိုင်ငံတကာ
Google မိခင်ကုမ္ပဏီက ဆိုက်ဘာလုံခြုံရေးအတွက် Wiz ကို အမြင့်ဆုံးတန်ကြေးဖြင့် ဝယ်ယူ
DVB
·
March 20, 2025
Google မိခင်ကုမ္ပဏီက ဆိုက်ဘာလုံခြုံရေးအတွက် Wiz ကို အမြင့်ဆုံးတန်ကြေးဖြင့် ဝယ်ယူ
Donate to DVB

Google ရဲ့ ပိုင်ရှင်ကုမ္ပဏီဖြစ်တဲ့  Alphabet က ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Wiz ကို အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံနဲ့ ဝယ်ယူဖို့အတွက် သဘောတူညီမှုရပြီးနောက် အကြီးမားဆုံးအရောင်းအဝယ် ဖြစ်လာခဲ့ပါတယ်။

ဒီမတိုင်ခင်တုန်းက Motorola Mobility မိုဘိုင်းလ်ဖုန်းကုမ္ပဏီကို ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံနဲ့ ဝယ်ယူမှုဟာ အများဆုံးပမာဏ ဖြစ်ခဲ့ပေမဲ့ ၂ နှစ်အကြာမှာတင် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံနဲ့ ပြန်ရောင်းချလိုက်ပါတယ်။

တချိန်တည်းမှာ Google ကလည်း အဓိကပြိုင်ဘက်တွေဖြစ်တဲ့ Microsoft နဲ့ Amazon ကို အချက်အလက် သိမ်းဆည်းနိုင်တဲ့ Cloud ဝန်ဆောင်မှုဈေးကွက်မှာ အမီလိုက်နိုင်အောင် ကြိုးပမ်းနေပါတယ်။

အစ္စရေး စွန့်ဦးတီထွင်ကုမ္ပဏီ Wiz က Cloud ဝန်ဆောင်မှုကုမ္ပဏီတွေရဲ့  လုံခြုံရေးအန္တရာယ်ကို စစ်ဆေးပေးတာမျိုး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နွေ ရာသီမှာ Alphabet ရဲ့ ဒေါ်လာ ၂၃ ဘီလီယံနဲ့ ဝယ်ယူမယ့် ကမ်းလှမ်းချက်ကို Wiz  က ငြင်းဆန်ခဲ့ပါသေးတယ်။

အဲဒီတုန်းက Wiz နဲ့အတူ ရင်းနှီးမြှုပ်နှံသူတချို့ဟာ စည်းကမ်းကြီးကြပ်ရေးအဖွဲ့ရဲ့  ခွင့်ပြုချက်ရရှိရေးအပေါ် စိုးရိမ်နေရတာကြောင့် ဆွေးနွေးပွဲတွေကို မအောင်မမြင် ဖြစ်စေခဲ့တာပါ။ ဒါကြောင့် ဒီတခေါက် အရောင်းအဝယ်ကိစ္စ အပြီးမသတ်နိုင်ခဲ့ရင်တောင် Alphabet က Wiz ကို ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ပေးဖို့ သဘောတူထားပါတယ်။

၂၀၂၀ ခုနှစ်တုန်းက အစ္စရေးထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ စတင်တည်ထောင်ခဲ့တဲ့ Wiz ကို တဲလ်အဗီး၊ နယူးယောက်ခ်နဲ့ လန်ဒန်မြို့တွေမှာ ရုံးဖွင့်ထားကြောင်း သိရပါတယ်။

အခုလိုမျိုး ဝယ်ယူပြီးရင်တောင် Microsoft က LinkedIn ကို လွတ်လပ်စွာ လုပ်ငန်းလည်ပတ်စေတဲ့ ပုံစံအတိုင်း Wiz ရဲ့ အမှတ်တံဆိပ်နဲ့ ဝန်ဆောင်မှုတွေဟာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် Wiz ဟာ Amazon Web Services ၊  Microsoft Azure (အက်ရှ်ဇာ) နဲ့ Oracle Cloud (အော်ရကယ်လ်) တို့လိုမျိုး အဓိကကျတဲ့ ပလက်ဖောင်းကြီးတွေမှာ ဆက်လည်ပတ်နေဦးမှာပါ။

Wiz ရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ ၇၅၀ သန်းရှိကြောင်း ပြောဆိုထားတဲ့အတွက် Google က ဒီကုမ္ပဏီကို ဒေါ်လာ ၁ ဘီလီယံကျော်ရမယ့် စီပွားရေး လုပ်ငန်းအဖြစ် မောင်းနှင်ပေးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် Alphabet ဟာ Google လိုမျိုး ရှာဖွေရေးအင်ဂျင်တွေမှာရတဲ့ ကြော်ငြာဝင်ငွေအပေါ် အဓိကမီခိုနေရတာကနေ​ ရှောင်လွှဲနိုင်ဖို့အတွက် အခုလိုမျိုး မတူညီတဲ့လုပ်ငန်းအမျိုးမျိုးကို စမ်းသပ်လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013