
Google ရဲ့ ကုမ္ပဏီဖြစ်တဲ့ Alphabet က search box မှာ တိုက်ရိုက် ရိုက်လိုက်တာနဲ့ ဗွီဒီယိုတွေ မြန်မြန်ထွက်လာမဲ့ Gemini မော်ဒယ်သစ်ကို ထုတ်မယ်လို့ ပြောပါတယ်။
Google ဟာ Gemini Omni ကို ပြသခဲ့ပြီး အဲဒီမော်ဒယ်က Nano Banana ကို ဆက်ခံဖွယ်ရှိတဲ့ မော်ဒယ်အသစ်ပဲ ဖြစ်ပါတယ်။ Nano Banana ဟာ ထုတ်ပြီး ၄ ရက်အတွင်းမှာ သုံးစွဲသူ ၁၃ သန်းအထိ ရှိခဲ့ပါတယ်။
Omni က စိတ်ကြိုက်ဖန်တီးနိုင်တဲ့ ဗွီဒီယိုနဲ့ အသံတွေ စာသားတွေကို ပေါင်းစပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ Anthropic နဲ့ OpenAI ကို ပြိုင်ဆိုင်နိုင်ဖို့ အဓိက ရည်ရွယ်တာပါ။
Alphabet က YouTube နဲ့ Google Search တို့မှာ ဈေးဝယ်တာမျိုးတွေ၊ အိမ်ခြံမြေ အခြေအနေ စောင့်ကြည့်တာမျိုးတွေ သူ့အလိုလို လုပ်ဆောင်နိုင်ဖို့ ထည့်သွင်းထားပါတယ်။
ကယ်လီဖိုးနီးယားမှာ ပြုလုပ်တဲ့ developer တွေ့ဆုံပွဲမှာ Google က အစီအစဉ်တွေကို ချပြခဲ့တာ ဖြစ်ပါတယ်။
“မယုံကြည်နိုင်စရာကောင်းတဲ့ နှစ်တနှစ်ပါ။ နည်းပညာတွေ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ကာလကို ရောက်နေပါပြီ။ ကျနော်တို့ဟာ သုံးစွဲသူတွေအတွက် လုံခြုံပြီး စိတ်ချရတဲ့ အေးဂျင့်တွေရဲ့ စွမ်းအင်တွေကို ယူဆောင်ပေးဖို့ သေချာအာရုံစိုက်နေပါတယ်” လို့ Google CEO ဆွန်းဒါပချိုင်းက ပြောပါတယ်။
ဒီစနစ်က လက်ရှိ ထိပ်တန်း AI စနစ်တွေထက် ၄ ဆပိုမြန်ပြီး ကုန်ကျစရိတ် ၂ ဆ သက်သာမယ်လို့ ဆိုပါတယ်။
အဲဒီပွဲမှာ အသံနဲ့ စာဖိုင်တွေ ပြောင်းလဲပေးနိုင်တဲ့ Doc Live ကို ထုတ်ကုန်အသစ်နဲ့ Youtube ကို မေးပြီး ရှာဖွေနိုင်မဲ့ စနစ်တွေလည်း ပါဝင်တယ်လို့ ဆွန်းဒါပချိုင်းက ပြောပါတယ်။
Google ဟာ Gemini Spark ဆိုတဲ့ အေးဂျင့်သစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။ Gemini Spark ဟာ Gmail နဲ့ Drive ထဲက အချက်အလက်တွေကို ယူပြီး အစီအစဉ်ဆွဲပေးတာတွေ အစီရင်ခံစာ ဖော်ပြတာတွေ လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Alphabet ရဲ့ ၂၀၂၅ ခုနှစ် အဓိကဝင်ငွေက Search လုပ်ဆောင်တာတွေက ရရှိတာဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၄၀၂ ဒသမ ၈ ဘီလီယံ ရှိပါတယ်။
လက်ရှိအချိန်မှာ AI အတွက် အဆောက်အအုံတွေ၊ လုပ်ငန်းရေရှည်အတွက် အသုံးပြုဖို့ ဒေါ်လာ ဘီလီယံ ၁၈၀ ကနေ ၁၉၀ ဘီလီယံအထိ သုံးစွဲဖို့ မျှော်လင့်နေပါတယ်။
Source: Reuters










