DVB Logo
Home
နိုင်ငံတကာ
Tesla ထက် ၂ ဆမြန်သည့် အားသွင်းနည်းပညာသစ် BYD မိတ်ဆက်
DVB
·
March 18, 2025
Tesla ထက် ၂ ဆမြန်သည့် အားသွင်းနည်းပညာသစ် BYD မိတ်ဆက်
Donate to DVB

BYD တရုတ်ကုမ္ပဏီဟာ လျှပ်စစ်ကားတွေအတွက် ဆီဖြည့်သလောက်သာ အချိန်ကြာတော့မယ့် အားသွင်းနည်းပညာသစ်ကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။

တရုတ်နိုင်ငံတဝန်းမှာလည်း အားသွင်း​နိုင်တဲ့နေရာတွေနဲ့ ကွန်ရက်တခု တည်ဆောက်မယ်လို့ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ အခမ်းအနားအတွင်း ကြေညာသွားပါတယ်။

BYD တည်ထောင်သူ ဝမ်ချွမ်းဖူက “ကားလုပ်ငန်းနယ်ပယ်အတွင်း မဂ္ဂါဝပ်ပမာဏရှိတဲ့ အားသွင်းယူနစ်ကို ပထမဆုံးအကြိမ် အောင်မြင်ခဲ့တာပါ” လို့ ရှန်ကျန်းမြို့ ဌာနချုပ်မှာ မှတ်ချက်ပြုပါတယ်။

“Super E-Platform” လို့ခေါ်တဲ့ ဒီနည်းပညာသစ်ဟာ ၁,၀၀၀ ကီလိုဝပ်ပမာဏနဲ့ အားသွင်းနိုင်စွမ်း ရှိသလို ၅ မိနစ်ကြာ အားသွင်းရုံနဲ့တင် ကီလိုမီတာ ၄၀၀ အထိ သွားလာနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါဟာ ၅၀၀ ကီလိုဝပ်ရှိတဲ့ Tesla ရဲ့ နောက်ဆုံးပေါ် အားသွင်းနှုန်းထက် ၂ ဆ ပိုမြန်ပါတယ်။

လျှပ်စစ်ကားပိုင်ရှင်တွေဟာ အားသွင်းနှုန်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိနေတာကြောင့် ဒါကို ဖြေရှင်းနိုင်ဖို့အတွက် အမြန်အားသွင်းနိုင်တဲ့ နည်းပညာက အခရာကျလာခဲ့ပါတယ်။

ဒါကြောင့် BYD က အသစ်တည်ဆောက်မယ့် ပလက်ဖောင်းနေရာတွေမှာ အလွန်မြန်ဆန်တဲ့ အားသွင်းတိုင် ၄,၀၀၀ ကျော်ကိုပါ တပ်ဆင်သွားဖို့ရှိကြောင်း အတည်ပြုပါတယ်။

ဒါပေမဲ့လည်း အချိန်ဘယ်လောက်ကြာမယ်၊ ဒါမှမဟုတ် ဘယ်လောက်ကုန်ကျမယ်ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု အသေးစိတ်ကိုတော့ တရုတ်ကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

၂၀၁၄ ခုနှစ်ကတည်းက တရုတ်ပြည်မှာ Tesla ရဲ့ Supercharger အားသွင်းနေရာတွေ ရှိနေပြီ ဖြစ်ပေမဲ့လည်း BYD ဟာ အများပြည်သူသုံးစွဲနိုင်တဲ့ တခြားကားကုမ္ပဏီတွေရဲ့  အားသွင်းစခန်းတွေကို အဓိက မှီခိုနေရတာ ဖြစ်ပါတယ်။

BYD ထက်သေးငယ်တဲ့ နီယို (Nio)၊ လီ-အော်တို (Li Auto)၊ အက်စ်ပန် (Xpeng) နဲ့ ဇီကာ (Zeekr) လိုမျိုး တခြားတရုတ်ကုမ္ပဏီတွေကလည်း နှစ်နဲ့ချီအောင် အားသွင်းနေရာတွေ တည်ဆောက်ကာ ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်နေပါတယ်။

လွန်ခဲ့တဲ့နှစ်မှာ BYD ဟာ ဓာတ်ဆီနဲ့ရော လျှပ်စစ်နဲ့ပါ မောင်းနှင်နိုင်တဲ့ EV ကားပေါင်း ၄ ဒသမ ၂ သန်းကို ရောင်းချခဲ့ရပြီး ဒီနှစ်ထဲမှာတော့ အစီးရေ ၅ သန်းကနေ ၆ သန်းအထိ ရောင်းအားတက်ဖို့အတွက် ရည်ရွယ်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013