၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (E) နောက်ဆုံးပွဲစဉ်အဖြစ် အီကွေဒေါနဲ့ ဂျာမနီတို့ နယူးယောက်-နယူးဂျာစီကွင်းမှာ ဒေသစံတော်ချိန် ဇွန် ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ အီကွေဒေါအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်ရှုံးထွက်အဆင့်ကို အုပ်စု တတိယနေရာကနေ တက်ရောက်သွားပါတယ်။
ဒီပွဲမှာ နောက်တဆင့်တက်ဖို့ သေချာနေပြီဖြစ်တဲ့ ဂျာမနီအသင်းအတွက် အဖွင့်ဂိုးကို ပွဲစပြီး ၂ မိနစ်မပြည့်ခင်မှာ လီရွိုင်းဆာနေးက သွင်းယူပေးခဲ့တာပါ။ ဒါပေမဲ့ အီကွေဒေါအတွက် ချေပဂိုးကို ၇ မိနစ်အကြာမှာ နယ်လ်ဆင်အန်ဂူလိုက သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၇ မိနစ်မှာ ဂွန်ဇာလိုပလာတာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် အီကွေဒေါအသင်းဟာ အကောင်းဆုံး အုပ်စုတတိယနေရာကနေ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရခဲ့ပြီး အင်္ဂလန်အသင်းနဲ့ တွေ့ဆုံနိုင်ခြေရှိနေပါတယ်။ အီကွေဒေါရဲ့ အနိုင်ရလဒ်ကြောင့် စကော့တလန်အသင်းရဲ့ နောက်တဆင့်တက်ရောက်နိုင်မဲ့ မျှော်လင့်ချက်တွေတော့ ထိခိုက်သွားခဲ့ရပါတယ်။
ဂျာမနီအသင်းကလည်း ဒီပွဲမှာရှုံးနိမ့်ခဲ့ပေမဲ့ ရမှတ် ၆ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်ကို တက်ရောက်သွားသလို အိုင်ဗရီကို့စ်ကလည်း ကျူအာဆောင်အသင်းကို (၂-၀) ဂိုးနဲ့ နိုင်ပြီး အုပ်စုဒုတိယ နေရာကနေ နောက်တဆင့် ၃၂ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။










