
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ရွှေပလ္လင်စားသောက်ဆိုင်မှာ တခါသုံးခွက်ပေါ် ဘုရားစေတီပုံ ရိုက်နှိပ်ပြီး အသုံးပြုထားတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ် ၁၆ ရက် ညပိုင်းမှာ အဆိုပါခွက်တွေကို သိမ်းဆည်းသွားပါတယ်။
ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ယာဥ်ရပ်နားစခန်းဝင်း အတွင်းရှိ ရွှေပလ္လင်စားသောက်ဆိုင်မှ တခါသုံးကော်ဖီခွက်တွေအပေါ် ဘုရားစေတီပုံတွေ ရိုက်နှိပ်ကာ လက်ဖက်ရည်ထည့် ရောင်းချနေတဲ့အပေါ် ဖမ်းဆီး အရေးယူပေးဖို့ စစ်လော်ဘီ တယ်လီဂရမ် ချန်နယ်တွေက နှိုးဆော်ရေးသားပြီးနောက် အခုလို ဝင်ရောက်သိမ်းဆည်းသွားတာလို့ အနီးနားက ဈေးသည်တယောက်က DVB ကို ပြောပါတယ်။
"ဧည့်သည်တယောက်က လိုင်းမှာတင်ပြီး ဖွလိုက်လို့ မနေ့က ည ၇ နာရီခွဲလောက်မှာ ရဲတွေအများကြီးဝင်စစ်ပြီး ခွက်တွေကို သိမ်းသွားတာ။ လူတော့ ဖမ်းသွားတာ မတွေ့လိုက်ဘူး။ သူတို့ပြောသွားတာက အဲဒီခွက်တွေနဲ့ လက်ဖက်ရည်သောက်ပြီးရင် အမှိုက်ပုံးထဲ ရောက်သွားနိုင်လို့ ဘာသာရေးကို စော်ကားသလို ဖြစ်နေတယ်ဆိုပြီး သိမ်းသွားကြတာ။"
စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ရွှေပလ္လင်စားသောက်ဆိုင်အတွင်းရှိ တခါသုံး ကော်ဖီခွက်တွေမှာ ဘုရားစေတီပုံ ရိုက်နှိပ်ထားတဲ့ ကော်ဖီခွက် ၂၅ ခွက်ကို ရှာဖွေတွေ့ရှိပြီး သိမ်းဆည်းသွားကြောင်း သိရပါတယ်။