DVB Logo
Home
မြန်မာသတင်း
နောင်ချို လေကြောင်းတိုက်ခိုက်မှု NUG ရှုတ်ချ၊ စစ်အုပ်စုအား အမြန်အရေးယူရန် နိုင်ငံတကာကို တိုက်တွန်း
DVB
·
March 17, 2025
နောင်ချို လေကြောင်းတိုက်ခိုက်မှု NUG ရှုတ်ချ၊ စစ်အုပ်စုအား အမြန်အရေးယူရန် နိုင်ငံတကာကို တိုက်တွန်း
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရှုတ်ချလိုက်ပြီး အမြန်ဆုံးအရေးယူဆောင်ရွက်ကြဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။

မတ် ၁၆ ရက်ညနေ ၅ နာရီခွဲလောက်မှာ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး သံဃာတော် ၂ ပါး၊ အသက် ၁၈ နှစ်အောက် ကိုရင် ၅ ပါး၊ အရပ်သား ပြည်သူ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ယောက်၊ စုစုပေါင်း ၁၀ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုမတိုင်ခင် နှစ်ရက်အလို မတ် ၁၄ ရက် ညနေပိုင်းကလည်း အကြမ်းဖက် စစ်အုပ်စုက မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံ့လှကျေးရွာ ဈေးကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ၄ လသား ကလေးသူငယ်တယောက် အပါအဝင် ကလေးသူငယ် စုစုပေါင်း ၆ ယောက်နဲ့ အရပ်သားပြည်သူ ၂၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း NUG က ပြောပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်အုပ်စုက အများပြည်သူ သွားလာနေတဲ့ ဈေးနဲ့ သာသနိက အဆောက်အဦတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်တဲ့ ဒီလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ထားတာပါ။

NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ် ၁၆ ရက်နေ့အထိ  အကြမ်းဖက် စစ်အုပ်စုက အရပ်သားပြည်သူ ဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု ၂,၁၉၀ မှု ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်ပေါင်း ၃၇၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်မှုနဲ့ ကလေးသူငယ်တွေအပေါ် ထိခိုက်သေကျေစေမှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) က တားမြစ်ထားတဲ့ အချက်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်သလို အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေကို ကာကွယ်ပေးရမယ့်အချက်တွေကို ကျူးလွန်ဖောက်ဖျက်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်ရုံတင်မက ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့် နိုင်ငံတကာ စံချိန်စံနှုန်းတွေ၊ နိုင်ငံတကာစာချုပ်တွေကို ပြင်းထန်စွာ ချိုးဖောက်နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားတွေနဲ့ နိုင်ငံတကာ တရားစီရင်မှုယန္တရားတွေက အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြဖို့ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေကို ကြိုးပမ်းလုပ်ဆောင်နေတဲ့ နိုင်ငံတွေကို NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013