DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများအား အကူအညီဖြတ်တောက်ခြင်းက ရာဇဝတ်မှုမြောက်ဟု ကုလအကြီးအကဲ ပြော 
DVB
·
March 17, 2025
ရိုဟင်ဂျာများအား အကူအညီဖြတ်တောက်ခြင်းက ရာဇဝတ်မှုမြောက်ဟု ကုလအကြီးအကဲ ပြော 
Donate to DVB

ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီတွေ ဖြတ်တောက်တာဟာ ရာဇ၀တ်မှုတခုဖြစ်တယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ အကူအညီတွေ ပေးအပ်ကြဖို့ တောင်းဆိုလိုက်တဲ့အကြောင်း India Today သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သူ့ရဲ့  ၄ ရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်းမှာ ခုလို ပြောလိုက်တာဖြစ်ပြီး ဒီလိုအကူအညီဖြတ်တောက်မှုတွေက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေနိုင်တယ်လို့  သတိပေးလိုက်သလို ရိုဟင်ဂျာအကျပ်အတည်းကို တုံ့ပြန်ရာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း ချီးကျူးလိုက်တာပါ။

လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မတ် ၁၃ ရက်ကနေ ၁၆ ရက်အထိ သွားရောက်ခဲ့တာဖြစ်ပြီး ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာတော့ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားတာဖြစ်ပြီး အဲဒီထဲက ၅ သိန်းလောက်ကတော့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။

ဂူတာရက်စ်က ဖြစ်ရပ်ဆိုးတွေ ရှောင်လွှဲနိုင်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို အလေးအနက် မေတ္တာရပ်ခံထားပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင် အသိုက်အဝန်းအတွက် လိုအပ်တဲ့ ငွေကြေးနဲ့ နိုင်ငံရေး အထောက်အပံ့တွေ ပံ့ပိုးပေးဖို့လည်း တိုက်တွန်းထားတာပါ။

ရိုဟင်ဂျာအကျပ်အတည်းအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေကိုရှာဖွေရာမှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂက အပြည့်အဝ ကတိကဝတ်ပြုထားပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ အခြေအနေများဆိုင်ရာ အဆင့်မြင့် ညီလာခံတရပ် ကျင်းပနိုင်ရေးအတွက်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက စီစဉ်ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် အိမ်ရှင် အသိုက်အဝန်းနဲ့အတူ စည်းလုံးညီညွတ်မှုကို ဖော်ပြဖို့အတွက် အခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ကို လာဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းလည်း ဂူတာရက်စ်က ပြောခဲ့သလို သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နောက်ဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013