
ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မတ် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မူးယစ်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မတ် ၁၀ ရက် မနက် ၅ နာရီခွဲက ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး မန္တလေးမှ ဘားအံဘက်သို့ ဝေဖြိုးမောင်(ခ)ကိုဖြိုး မောင်းနှင်ပြီး မမာလာကျော် လိုက်ပါလာတဲ့ DONG FENG ၂၂ ဘီးတွဲယာဉ်ကို သတင်းအရ ရှာဖွေခဲ့တာမှာ ယာဉ်ရဲ့ ရေတိုင်ကီအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာတဲ့ ဒေသကာလ တန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုမူးယစ်ဆေးတွေဟာ ရန်ကြားရှော့(ခ)ကုလား ဆိုသူက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မှ ကရင်ပြည်နယ်၊ ဘားအံသို့ သယ်ဆောင်ခိုင်းခဲ့တာလို့ သိရပြီး ကွင်းဆက်တရားခံကို ဖမ်းဆီးရမိဖို့ ကြိုးစားနေပြီး လက်ရှိ မူးယစ်ဆေး သယ်ဆောင်သူတွေကို အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာလည်း ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
မတ် ၉ ရက် မနက် ၅ နာရီခွဲလောက်က မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဟန်ဝင်းအောင် မောင်းနှင်ပြီး နိုင်မင်းထက်နဲ့ စိုးမိုးအောင်တို့ လိုက်ပါလာတဲ့ NISSAN CONDOR ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာမှာ ယာဉ်ပေါ်တွင် ဂျပ်စက္ကူအဟောင်းများ၊ ရေသန့်ဘူးခွံတွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ မူးယစ်ဆေးတွေ သိမ်းဆည်းရမိခဲ့တာပါ
မတ်လ ၁၁ ရက်ကလည်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်မှာ ငွေကျပ်သိန်း ၇,၃၅၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။