
အယ်လ်ဆာဗေးဒေါရေတပ်ဟာ ပြီးခဲ့တဲ့အပတ်က ကိုကင်း မက်ထရစ်တန် ၁ တန်ခွဲကို သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ရီနီမယ်ရီနိုမွန်ရွိုင်းက မတ်လ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
လာပက်ဇ်ဌာန ဟာလ်တယ်ပဲ့ကီ မြစ်ဝကျွန်းပေါ်ရှိ အလ်ကော်ဒွန်စီယို ချောင်းပါးစပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၀၀ အကွာမှာ မတ်လ ၄ ရက်က တန်ဖိုး ဒေါ်လာ ၃၇ သန်းခွဲ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ သင်္ဘောတစ်စီးနဲ့ လူ ၃ ယောက်ကို ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်ဆာဗေးဒေါ သမ္မတရုံးမှထုတ်ပြန်တဲ့ ဗီဒီယိုမှာ အာဏာပိုင်တွေဟာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို လာအူန်ဆိပ်ကမ်းမှာ ခင်းကျင်းထားပြီး ကာကွယ်ရေးဝန်ကြီး မွန်ရွိုင်းနဲ့ တရားရေးနဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး ဂူစတာဗို ဗီယာတိုရိုတို့ဟာ သောကြာနေ့မှာ စစ်ဆေးမှုတွေ ပြုလုပ်နေတာကို ပြသထားပါတယ်။
ကာကွယ်ရေးဝန်ကြီး မွန်ရွိုင်းက “ဒီနှစ် မတ်လ ၄ ရက်နေ့က ကမ်းလွန်ရေမိုင် ၆၀၀ မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးဟာ အယ်လ်ဆာဗေးဒေါ အမျိုးသားရေတပ်မှ ထရိုင်းဒန့် ရေတပ်အဖွဲ့ရဲ့ နောက်ထပ်ဖမ်းမိမှု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒီစစ်ဆင်ရေးမှာ အီကွေဒေါနိုင်ငံသား ၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်လို့လည်း တရားရေးနဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး ဗီယာတိုရိုက ပြောပါတယ်။
၂၀၂၄ ခုနှစ် မတ်လကတည်းက အယ်လ်ဆာဗေးဒေါဟာ ဒေါ်လာ ၆၄၇ ဒသမ ၇ သန်းတန်ဖိုးရှိ ကိုကင်း ၂၅ ဒသမ ၉ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source: Reuters










