
နယူးယော့ခ်ရဲတပ်ဖွဲ့ဟာ ကွင်းန်စ်မြို့နယ်ရှိ ပစ္စည်းသိုလှောင်ရုံတခုကနေ ခန့်မှန်းခြေဒေါ်လာ ၁၀ သန်း တန်ဖိုးရှိ ကိုကင်း ၂၆၆ ကီလိုဂရမ် (၅၈၆ ပေါင်)ကို သိမ်းဆည်းရမိခဲ့ပြီး အဲဒီပမာဏဟာ အနည်းဆုံး ၁၀ စုနှစ်တခုအတွင်းဌာနရဲ့ အများဆုံး ကိုကင်းဖမ်းဆီးရမိမှုဖြစ်တယ်လို့ ရဲကော်မရှင်နာ ဂျက်စီကာတစ်ရှ်က ဩဂုတ် ၂၈ ရက်မှာ ပြောပါတယ်။
ဩဂုတ် ၂၆ ရက်က စုံစမ်းရေးမှူးတွေဟာ လောင်းအိုင်လန်စီးတီးစက်ရုံအနီးရှိ ဂိုဒေါင်ထဲကနေ သေတ္တာတွေ ကားပေါ်တင်နေတာကို စောင့်ကြည့်ပြီးနောက်မှာ နစ်ဆန်း ဗင်ကားတစီးကို တားဆီး စစ်ဆေးခဲ့တာမှာ ၁ ကီလိုဂရမ်စီပါတဲ့ ကိုကင်း အထုပ်ပေါင်း ၂၆၆ ထုပ် ပါဝင်တဲ့ သေတ္တာ ၁၉ လုံးကို တွေ့ရှိခဲ့ရတယ်လို့ ရဲကော်မရှင်နာတစ်ရှ်က ပြောပါတယ်။
တရားမဝင် မှောင်ခိုဖြန့်ဖြူးရေးကွန်ရက်ထဲ ရောက်တော့မဲ့ "ကိုကင်း မက်ထရစ်တန် ၁ တန်ရဲ့ ၄ ပုံ ၁ ပုံမက" ကို တားဆီးနိုင်ခဲ့တာဖြစ်ပြီး လူ ၃ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေထဲက နယူးဂျာစီပြည်နယ်၊ အန်းဂဲလ်ဝုဒ်မြို့က အသက် ၃၅ နှစ်အရွယ် နယ်လ်ဆင် ဆာလ်စီဒို ကို မူးယစ်ဆေးဝါး တရားမဝင် လက်ဝယ်ထားရှိမှု အဆင့် ၁ နဲ့ ၃ တို့နဲ့ တရားစွဲဆိုထားပြီး ဩဂုတ် ၂၇ ရက်မှာ မန်ဟက်တန်ပြစ်မှုဆိုင်ရာ တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ တရားလိုပြ ရှေ့နေတွေက ပြောပါတယ်။
အထူးမူးယစ်ဆေးဝါး တရားလိုပြရှေ့နေရုံးက ဒါဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း သူတို့ရဲ့ အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှုလို့ ပြောပါတယ်။
ဒုတိယ အဓိက ခရိုင်တရားလိုပြရှေ့နေ လီဆာတွမ့်ပ်ကင်းစ်က နယူးယောက်မြို့မှာ မူးယစ်ဆေး ပမာဏ လွန်ကဲပြီး သေဆုံးသူ ထက်ဝက်ကျော်မှာ ကိုကင်း ပါဝင်နေပြီး အများစုဟာ ဖန်တာနေးလ် သို့မဟုတ် တခြားမူးယစ်ဆေးတွေနဲ့ ရောစပ်ထားတာဖြစ်တယ်လို့ ပြောပြပါတယ်။
မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ (DEA) တာဝန်ရှိသူတယောက်ကတော့ ဒီစုံစမ်းစစ်ဆေးမှုဟာ မူးယစ်ဂိုဏ်းတခုနဲ့ ဆက်စပ်နေပြီး နောက်ထပ် ဖမ်းဆီးမှုတွေ၊ သိမ်းဆည်းရမိမှုတွေ ဆက်ရှိ လာဦးမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
Source:Reuters











